ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို မန်ယူအသင်းဘက်က လက်ရှိ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ အစီအစဉ် မရှိဘူးလို့ စပိန်သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ ကလပ်အသင်းချင်း ညှိနှိုင်းလို့ အဆင် မပြေနိုင်ရင် ပေါ့ဘာ ကိုယ်တိုင် မန်ယူအသင်း တာဝန်ရှိသူတွေထံ တောင်းဆိုရန် ဖိအားပေးဖွယ် ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမား ပေါ့ဘာဟာ ရီးရဲလ်နည်းပြ ဇီဒန်းရဲ့ ပစ်မှတ် ကစားသမားတွေထဲ ပါဝင်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာအတွက် မန်ချက်စတာ ယူနိုက်တက်ကို ဆက်သွယ်ခဲ့ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဆိုးလ်ရှားရဲ့ အစီအစဉ်တွေထဲ ပါဝင်နေတဲ့ ပေါ့ဘာကို လက်ရှိနွေရာသီမှာ ရောင်းချသွားဖွယ် မရှိဘူးလို့ သိရပါတယ်။

ရီးရဲလ် မက်ဒရစ်ဘက်ကတော့ အပြောင်းအရွှေ့ ညှိနှိုင်းမှု အဆင်ပြေစေရန်အတွက် ကစားသမားကိုယ်တိုင်ရဲ့ အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုမှုကို အလိုရှိနေပါတယ်။ ဟာဇက်၊ လူကာဂျိုဗစ် အစရှိတဲ့ တိုက်စစ်သမားတွေ ခေါ်ယူပြီး ဖြစ်ပေမယ့် ရီးရဲလ်ဘက်ကတော့ ပေါ့ဘာကိုပါ ခေါ်ယူလိုနေဆဲပါ။

စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်ထဲမှာတော့ နည်းပြဇီဒန်းဟာ ပေါ့ဘာကိုခေါ်ယူလိုနေသော်လည်း ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ကတော့ စပါး ကွင်းလယ်ကြယ်ပွင့် ခရစ်ရှန်အဲရစ်ဆင်ကိုသာ ခေါ်ယူဖို့ ပိုမိုဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ဟာလည်း ပြီးခဲ့တဲ့ အပတ်မှာတုန်းက ၄င်းအနေနဲ့ လက်ရှိနွေရာသီမှာ တော့တင်ဟမ်ကို စွန့်ခွာပြီး ရီးရဲလ်ကို ပြောင်းရွှေ့ချင်ကြောင်း ဝန်ခံထားပါတယ်။