လီဗာပူး အသင်းဟာ ဥရောပ ထိပ်သီးကလပ်အသင်းများ အပြိုင်အဆိုင် မျက်စိကျနေကျတဲ့ လိုင်လီအသင်း တောင်ပံတိုက်စစ်မှူး နီကိုးလပ်စ် ပီပီကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

ယာဂင် ကလော့ပ်ကလည်း အသင်းကနေ စတားရစ်ကို ထွက်ခွာခွင့် ပြုလိုက်ပြီးနောက် တိုက်စစ် အင်အားဖြည့်ဖို့ ကစားသမား ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။ လိုင်လီတိုက်စစ်မှူး နီကိုးလပ်စ်ပီပီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ လီဂူးဝမ်းမှာ သွင်းဂိုး(၂၂)ဂိုး အထိ ရှိထားခဲ့ပြီး လိုင်လီ အသင်းကို အဆင့်(၂)နေရာ ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ပြင်သစ် L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူး ဟာ အိုင်ဗရီကို့စ်သား တိုက်စစ်မှူး နီကိုးလပ်စ် ပီပီအတွက် လိုင်လီကို ပေါင် သန်း(၇၀)နဲ့ ကမ်းလှမ်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း လီဗာပူး အခြေစိုက်သတင်းများက ပီပီကို လိုက်လံချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေဟာ မမှန်ကန်ဘူးလို့ ဆိုထားပြီး လက်ရှိအချိန်အထိ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ လန်ဒန်ဘက်က သတင်းများကတော့ ပီပီနဲ့ လီဗာပူး သတင်းတွေဟာ ကစားသမားရဲ့တန်ကြေး တက်လာအောင် တမင် ဖွတဲ့သတင်းတွေလို့သာ ဆိုထားပါတယ်။

ဒါပေမယ့် လီဗာပူးမှာ တိုက်စစ် လိုက်ပါကစားတဲ့ လယ်လာနာဟာလည်း အကျပိုင်းကို ရောက်လာတာကြောင့် ကလော့ပ်အနေနဲ့ တိုက်စစ် စွယ်စုံရကစားသမားတစ်ဦးကို သေချာပေါက် စောင့်ကြည့်နေဖွယ်ရှိပြီး လတ်တလောမှာတော့ နီကိုးလပ်စ်ပီပီ၊ တီမိုဝါနာ အစရှိတဲ့ ကစားသမားတွေနဲ့ နာမည် ထွက်နေပါတယ်။

လီဗာပူးအသင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ ယာဂန်ကလော့ပ်ဟာ လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ်ကိုပါ အကောင်းဆုံးစိန်ခေါ်နိုင်ဖို့အတွက် ပြင်ဆင်နေပြီး အသင်းမှာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်မှူး ချန်ဘာလိန်ကိုလည်း ၄င်းရဲ့ လက်ရှိစာချုပ်ကို နောက်ထပ် တစ်နှစ် ထပ်တိုး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ချန်ဘာလိန်ကို သက်တမ်းတိုးမယ့် သတင်းများ ရှိနေတာကြောင့်လည်း ပီပီကို ဈေးကြီးပေးပြီး ခေါ်ဖွယ် မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ လီဗာပူးအသင်းက ဒီတလော အပြောင်းအရွှေ့များမှာ လှုပ်ရှားမှုများ ပိုမို သိုသိပ်လာတာကြောင့် ခန့်မှန်းရ ခက်ခဲနေတာကတော့ အမှန်ပါ။