လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာတော့မယ့် တိုက်စစ်သမား ဂရစ်ဇမန်းက သူ့ရဲ့အနာဂတ်က စပိန်မြေမှာ ဆက်ရှိနေဖို့ မသေချာကြောင်း စကားတွေ ထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံပြင်သစ်အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇမန်းဟာ အခုနွေမှာ မက်ဒရစ်ကလပ်ကနေ ထွက်ခွာမှာဖြစ်တယ်လို့ ထုတ်ပြောထားပြီး သူ့ရဲ့အနာဂတ်အသင်းကို မသိရသေးပါဘူး။

ဂရစ်ဇမန်းကို ခေါ်ယူဖို့ရာ ဘာစီလိုနာနဲ့ ယူနိုက်တက် တို့က ကမ်းလှမ်းမှုတွေ ရှိထားခဲ့သလို ပြင်သစ်ကလပ် ပီအက်ဂျီအသင်းကလည်း ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အသင်းအဖြစ် သတင်းကြီးနေတာဖြစ်ပါတယ်။

ပြင်သစ်သားကတော့ “ အနာဂတ်ကိစ္စ မကြာခင် သိလာရမှာဖြစ်လို့ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ အနာဂတ်နဲ့ ပက်သက်ပြီး အားလုံးထက် ကျနော်က ပိုပြီး ဆုံးဖြတ်ချက် ချလိုပါတယ်။ ဒါပေမယ့်လို့ စိတ်ရှည်ဖို့ လိုပါတယ်။

အနာဂတ်က စပိန်မှာပဲ ဆက်ရှိနေမလားဆိုတာတော့ မသေချာသေးပါဘူး။ ဒီ အပတ်တွေအတွင်း တစ်ခုခု ထူးခြားကောင်း ထူးခြားနိုင်ပါတယ်။ ကျနော်ကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားလိုပါတယ် ” လို့ လာလီဂါမှာ ဆက်ရှိနေဖို့ မသေချာဘူးလို့ ပြောလာတာပါ။

သူကပဲ အနာဂတ်ကလပ်ဟာ ပရီးမီးယားလိဂ် အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် မဟုတ်နိုင်ကြောင်းကိုတော့ “ ကျနော် ပြောနိုင်တာကတော့ အဲ့ဒီ အသင်းဟာ မိုင်ယာမီ အခြေစိုက်အသင်းတော့ မဟုတ်ဘူး ဆိုတာပါပဲ ” လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဂရစ်ဇ်မန်းကို ရရှိဖို့ ရေပန်းစားနေပေမယ့် ကစားသမားရဲ့ ဇာတိမြေက ပြင်သစ်ကလပ် ပီအက်ဂျီကလည်း မြင့်မားတဲ့ လုပ်ခနဲ့ ဆွဲဆောင်နိုင်ဖို့ ကြိုးစားလာနေတာ ဖြစ်ပါတယ်။