ဝေလ်းတောင်ပံသမား ဒန်နီရယ်ဂျိမ်းဟာ ယူနိုက်တက်နဲ့ အပြီးသတ် သဘောတူညီမှုကို ရခဲ့ပြီဖြစ်ပြီး သရဲနီ ကစားသမားသစ် ဖြစ်လာပြီဖြစ်ပါတယ်။ ဒီသတင်းကို မန်ယူရဲ့ ကလပ်အသင်း ဝဘ်ဆိုဒ်ကနေပါ ကြေညာချက် ထုတ်ပြန်ပေးခဲ့ပါပြီ။

ဂျိမ်းအတွက် ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ပေါင် 18 သန်းထိ ပေးချေရမှာဖြစ်တယ်။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် 15 သန်းဖြစ်ပြီး ထပ်တိုး ပေါင် 3 သန်းပါဝင်တယ်လို့ သိထားရပါတယ်။ မန်ယူဟာ ဂျိမ်းအတွက် သဘောတူညီမှုကို ပြီးခဲ့တဲ့အပတ်မှာ လုပ်နိုင်ခဲ့ပြီး ဆေးစစ်မှုပါ ပြုလုပ်ခဲ့တာပါ။

မန်ယူဘက်ကတော့ ဆွမ်ဆီးနဲ့ ဒန်နီရယ်ဂျိမ်းကြား အပြောင်းအရွှေ့ ပြီးမြောက်ကြောင်း ကြေညာနိုင်တာအတွက် ဝမ်းသာကြောင်းနဲ့ ဆေးစစ်မှုမှာ ကစားသမားကလည်း ကျေနပ်မှုရှိကြောင်း သတင်းထုတ်ပြန်တယ်။

ဂျိမ်းဟာ မန်ယူနဲ့ ဆေးစစ်မှု ခံယူပြီးတဲ့နောက် လက်ရွေးစင်အသင်းကို ပြန်လည်ပူးပေါင်းဖို့ ပြန်သွားခဲ့တာဖြစ်တယ်။ တောင်ပံသမားလေးဟာ မန်ယူ မန်နေဂျာ ဆိုးရှားရဲ့ ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။

မန်ယူဟာ ဆွမ်းဆီးအသင်းနဲ့ စာချုပ်မှာတော့ ကစားသမားရဲ့ အနာဂတ် အပြောင်းအရွှေ့ကနေမှ 5% ကို အသင်းဟောင်းအား ခံစားခွင့်ပေးဖို့လည်း သဘောတူညီပေးခဲ့ပါတယ်။

ဝေလ်းလူစာရင်းမှာ ပါဝင်နေတဲ့ ဂျိမ်းဟာ 2020 ယူရိုခြေစစ်ပွဲ ပါဝင်ယှဉ်ပြိုင်ရမယ့် ဝေလ်းအသင်းအတွက် ရွေးချယ်ခံထားရပြီး ခရိုအေးရှား၊ ဟန်ဂေရီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။