မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာက မန်ယူအသင်း နဲ့ ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပတ်သက်လို့ ၄င်းရဲ့ ပထမဦးဆုံး အထင်ကြီးလေးစားမိတဲ့ အချက်ကို The Times သတင်းဌာနဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

မန်ယူအသင်းကို ပထမဦးဆုံး လေးစား သဘောကျမိတဲ့အချက်ကိုမေးမြန်းရာမှာ ပေါ့ဘာက –

“အရာရာတိုင်းက ကြီးကျယ်ခမ်းနားလို့ပါ၊ ပြင်သစ်မှာ ဆိုရင် ပထမအသင်းက အခြားတစ်နေရာမှာရှိနေတော့ သူတို့နဲ့ အတူ အလုပ်တွဲလုပ်လို့ မရပါဘူး” ကျွန်တော်ဒီကိုရောက်စတုန်းက ထိုင်နေတဲ့အချိန်မှာ နည်းပြကြီးဖာဂူဆန်က ကျွန်တော်တို့ဆီကိုရောက်လာခဲ့ပါတယ်၊”

” အဓိက ကစားသမားတွေဟာလည်း ကျွန်တော်တို့ရဲ့ ဘေးမှာပဲ ထိုင်နေကြတာပါ၊ အဲဒီတုန်းက အချိန်တွေဟာ အရမ်းကို ကောင်းမွန်တဲ့ အတွေ့အကြုံပါ၊ သူတို့နဲ့ အရမ်းတွဲကစားချင်ခဲ့တာပါ ” လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီနောက် မန်ချက်စတာ ယူနိုက်တက်အသင်းကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး –

“ကျွန်တော့်ကို အာဆင်နယ်နဲ့ လိုင်ယွန်တို့ကလည်း စိတ်ဝင်စားတယ်လို့ ကြားပါတယ်၊ လိုင်ယွန်ကိုတော့ ကျွန်တော် စဉ်းစားဖြစ်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ဆီမှာလည်း အကယ်ဒမီ ကောင်းကောင်းရှိသလို ကျွန်တော်ကလည်း ငယ်ငယ်လေးပဲရှိသေးတော့ ပြင်သစ်မှာပဲ နေထိုင်နေတာပါ၊ ဒါပေမယ့်လည်း မန်ချက်စတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ခံစားမိပြီး ရွေးချယ်ခဲ့တယ်” လို့ ပေါ့ဘာက ဆိုသွားခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပတ်သတ်ပြီး ပေါ့ဘာက “ပထမဦးဆုံး သူ ကျွန်တော့်ဆီလာတုန်းက သူ့ရဲ့ လေယူလေသိမ်းကြောင့် သူ ဘာပြောသလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး၊ ကျွန်တော်လည်း အဲဒီတုန်းက အင်္ဂလိပ် စကားကောင်းကောင်း မပြောတတ်သေးပါဘူး၊ အရမ်းလည်း ရှက်ကြောက်နေခဲ့တယ်၊ နည်းပြကြီး ကတော့ ကျွန်တော်တို့ကို သူ့သားအရင်းတွေကို စကားပြောသလိုပဲပြောနေခဲ့တာပါ”

“ကျွန်တော် အကယ်ဒမီမှာ ရှိတုန်းကလည်း သူဟာ တစ်ခါတစ်လေ ပွဲအချို့ကိုလာရောက်ကြည့်ရှုလေ့ရှိပါတယ်၊ သူက လူငယ် ကစားသမားလေးတွေ ခြေစွမ်းခြေစကို စိတ်ဝင်စားတဲ့သူပါ၊ သူဟာ ကျွန်တော်တို့ကို ပထမ (စီနီယာ)အသင်းနဲ့လည်း လေ့ကျင့်ခန်း ဆင်းစေပါတယ်၊ အဲဒီလိုအချက်တွေကြောင့် ကျွန်တော်ဟာ သူ့ကို အရမ်း အရမ်း လေးစားခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။