ဒီနေ့ နေ့လည်ပိုင်းမှာပဲ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွက် ပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ပါပြီ။ အဖွင့်သီတင်းပတ်ပွဲစဉ် (၁) မှာတင် နာမည်ကြီး ကလပ် နှစ်သင်း ဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီး အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြပြီး ပရိသတ်တွေအတွက်တော့ ရာသီ အစမှာတင် ပွဲကြီး ပွဲကောင်းကို ခံစားရတော့မှာလည်း ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ အသင်းအဖြစ် ပြန်လာမယ့် ပြောခဲ့တဲ့ ဆိုးလ်ရှားရဲ့ မန်ယူအသင်းနဲ့ နည်းပြ အပြောင်းအလဲ ၊ အပြောင်းအရွှေ့ ပိတ်ပင်ခံ ထားရတဲ့ ပြစ်ဒဏ်များနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီး အသင်းတို့ဟာ သြဂုတ်လ (၁၁) ရက်နေ့ ၊ တနင်္ဂနွေနေ့ မှာ မန်ယူ အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ကစားကြမှာပါ။

ပရီးမီးယားလိဂ် အဖွင့်ပွဲကို သြဂုတ်လ (၉) ရက်နေ့ သောကြာနေ့ညမှာ စတင် ကစားသွားမှာ ဖြစ်ပြီး အဖွင့်ပွဲ အနေနဲ့ ပြီးခဲ့တဲ့ ရာသီ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ လီဗာပူး အသင်းက တန်းတက် နော့ဝစ်ခ်ျ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကတော့ ဝက်စ်ဟမ်း အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး မန်ချက်စတာ ဒါဘီပွဲစဉ်ရဲ့ ပထမအကျော့ကိုတော့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ မန်စီးတီး အသင်းရဲ့ အိမ်ကွင်းမှာ ကစားသွားမှာဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မတ်လ (၇) ရက်နေ့၌ ရင်ဆိုင် ကစားသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းကလည်း နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး နယူးကာဆယ် အသင်းရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါတ့်ခ်မှာ ရုန်းကန်ရလေ့ရှိတဲ့ အာဆင်နယ် အသင်း အတွက်တော့ ခက်ခဲ ကြမ်းတမ်းတဲ့ ဘောလုံး ရာသီ အဖွင့်ကို ရင်ဆိုင် ရဖို့လည်း ရှိနေပြီဖြစ်ပါတယ်။

အသင်းကြီး တစ်သင်းစီရဲ့ ပွဲစဉ်ဇယား အပြည့်အစုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး ပွဲစဉ်ဇယား

မန်ချက်စတာယူနိုက်တက် ပွဲစဉ်ဇယား

လီဗာပူး ပွဲစဉ်ဇယား

ချယ်ဆီး ပွဲစဉ်ဇယား

အာဆင်နယ် ပွဲစဉ်ဇယား

စပါး ပွဲစဉ်ဇယား

ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပွဲစဉ် ဇယားများကို ဒီနေ့မှ တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မနေ့က လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာခဲ့သေးတဲ့ ပွဲစဉ် (၁) ရဲ့ ပွဲစဉ်ဇယားနဲ့ လုံးဝ တူညီခဲ့ခြင်း မရှိကြောင်း သိရှိ ရပါတယ်။