ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး ဆိုးရွားနေတဲ့ ဂါရတ်ဘေးလ်ဟာ လာလီဂါကလပ်ကနေ ထွက်ခွာလိုပြီး မန်ယူအသင်းနဲ့ သတင်းကြီးတွေ ထွက်ပေါ်နေသူပါ။

မန်ယူပရိသတ်တွေကတော့ ဘေလ်းလို ဒဏ်ရာမကြာခဏ ရလေ့ရှိတဲ့ ကစားသမားကို အလိုမရှိပဲ အခြားသော ကစားသမားတွေကိုပဲ ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိထားတာပါ။ မန်ယူပရိသတ်တွေ စိတ်ကျေနပ်စရာကတော့ အသင်းဘက်က ဒီနွေမှာ ဘေလ်းကို ခေါ်ယူမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူဟာ ဒီနွေအတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ဆွမ်ဆီးအသင်းက ဝေးလ်တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းကို ပေါင် ၁၈ သန်းထိ ရောက်နိုင်တဲ့ စာချုပ်နဲ့ ခေါ်ယူထားနိုင်ပြီ ဖြစ်ပါတယ်။ ထပ်ပြီးလည်း ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေပေမယ့် အသင်းအလိုရှိသူ စာရင်းမှာ ဘေးလ် မပါဝင်ဘူးလို့ လာလီဂါကလပ်ဘက်ကို အကြောင်းပြန်ခဲ့တယ်လို့ သိရတယ်။

ရီးရဲလ်အသင်းက ရောင်းချလိုတဲ့ ဘေးလ်ကို ခေါ်ယူဖို့ မန်ယူဘက်က စိတ်ဝင်စားခဲ့သေးပေမယ့် လုပ်ခကြီးမြင့်ပြီး ပြောင်းရွှေ့မြင့်မားတဲ့ ဘေးလ်ကို ခေါ်ယူဖို့ရာ စကားပြောဖို့ ဆန္ဒမရှိတော့တာဖြစ်တယ်။ ပရီးမီးယားလိဂ် ကစားသမားဟောင်းကတော့ ပုံမှန်နေရာ မရတဲ့ ရီးရဲလ်ကနေ ထွက်ခွာလိုနေပါတယ်။

မန်နေဂျာဆိုးရှားဟာ သမိုင်းတစ်ခေတ်ဖြစ်ခဲ့တဲ့ မန်ယူအသင်းကို ပြန်လည်တည်ထောင်မယ်လို့ ပြောဆိုထားပြီး ကစားသမားခေါ်ယူမှုမှာ လျှင်မြန်ပြီး ပြေးနှုန်းကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူလိုပါတယ်။ အဓိကအားဖြင့် နာမည်ကျော်တွေအစား ရွက်ပုန်းသီးလေးတွေကို ရွေးထုတ် ခေါ်ယူလိုတာ ဖြစ်ပါတယ်။