ပြင်သစ်သတင်းဌာနတွေက လီဗာပူးအသင်းဟာ လိုင်ယွန်အသင်းမှ ပြင်သစ်သား ကွင်းလယ်လူ ဖယ်ကီရာကို စိတ်ဝင်စားဆဲဖြစ်ပြီး ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားဦးမယ်လို့ ဆိုလာပြန်ပါတယ်။

ဂျူလိုင်လ 31 ရက်နေ့မှာ ကစားကြမယ့် လီဗာပူးနဲ့ လိုင်ယွန်တို့ရဲ့ ခြေစမ်းပွဲမတိုင်ခင် အပြောင်းအရွှေ့ကိစ္စ ဆက်လက်လုပ်ဆောင်မှု ရှိမလားဆိုတာကို မြင်ရမှာဖြစ်ပြီး လီဗာပူးဘက်က ပေါင် သန်း 50 အောက် လျော့နည်းတဲ့ ဈေးနဲ့ဆို စိတ်ဝင်စားတယ်လို့ ဖော်ပြခဲ့တယ်။

လီဗာပူးအခြေစိုက် သတင်းထောက်တွေကတော့ ဖယ်ကီရာသတင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ထားသလို ဆက်ရန်မရှိကြောင်း မီးနီပြထားတဲ့ အပြောင်းအရွှေ့ကိစ္စလို့ ဆိုထားပေမယ့် ပြင်သစ်ဘက်ကတော့ စွပ်စွဲမှုတွေနဲ့ ချိတ်ဆက်ပေးနေဆဲဖြစ်ပါတယ်။

ပြင်သစ်သား ကစားသမားဟာ လွန်​ခဲ့တဲ့ 12 လက လီ​ဗာပူးကို ​ရောက်​ရှိလာဖို့ အနီးစပ်​ဆုံး အ​ခြေအ​နေကို ​ရောက်​ရှိခဲ့​ပေမယ့်​ ဆေးစစ်မှုမှာ လီဗာပူးဘက်က ကစားသမားရဲ့ ဒူးဒဏ်ရာကို သံသယရှိလို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တယ်လို့ သိထားရတာဖြစ်တယ်။

မနှစ်ကရာသီ လိုင်ယွန်​ အတွက်​ ပြိုင်​ပွဲစုံ 39 ပွဲ ကစားပေးခဲ့ပြီး ကိုယ်တိုင် 12 ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု 9 ကြိမ် လုပ်ပေးနိုင်ခဲ့တဲ့ ဖယ်ကီရာဟာ လိုင်ယွန်အသင်းကို ပြင်သစ်အမှတ်ပေးလိဂ်မှာ တတိယနေရာရဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူးအသင်းဟာ ကလပ်အသင်း အကယ်ဒမီထွက် တောင်ပံတိုက်စစ်သမား ရိုင်ကန့်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။

အသက် 22 နှစ်အရွယ် တိုက်စစ်သမားဟာ အရည်အချင်းရှိပေမယ့် လီဗာပူးက ပွဲထွက်ခွင့် အာမခံချက် မပေးနိုင်တာကြောင့် ကစားသမားရဲ့ ဆန္ဒအတိုင်း ဈေးကွက်တင်ပေးဖို့ ဆုံးဖြတ်လာတာဖြစ်ပါတယ်။

လိဒ်၊ အက်စတွန်ဗီလာ၊ ဘိုရို၊ ရိန်းဂျားတို့က စိတ်ဝင်စားနေတဲ့ အင်္ဂလန်လူငယ်လေးအတွက် လီဗာပူးဘက်က ပေါင် 12 သန်း ဈေးသက်မှတ်ထားပါတယ်။