ဒေါ့မွန် ကွင်းလယ်လူ မာရီယို ဂေါ့ဇီက အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေမှု အပေါ် တုန့်ပြန်မှု ပြုလုပ်လာပါတယ်။

ဂေါ့ဇီဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာပါ။ အဆိုပါ အခွင့်အရေးကို အာဆင်နယ်အသင်းက အခွင့်ကောင်းယူဖို့ ကြိုးစားလာခဲ့ပြီး ဂျာမနီကစားသမားကို ခေါ်ယူနိုင်ဖို့ အံ့အားသင့်ဖွယ် ချိတ်ဆက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဂေါ့ဇီကတော့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်သွားပြီး ဒေါ့မွန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ပဲ အာရုံစိုက်သွားမယ်လို့ ပြောဆိုလာတာဖြစ်တယ်။

ဂေါ့ဇီက ” ကောလဟလ သတင်းတွေဆိုတာက နှစ်တိုင်း ကြားရတာပါပဲ။ ကစားသမားတိုင်းမှာ တန်ဖိုးတွေ ရှိနေပြီး ဘယ်နေရာမှာ ဘယ်သူကစားမယ်ဆိုတာ ကလပ်အသင်းက ဆုံးဖြတ် ပေးတာပါ။ ကျနော်နဲ့ ဒေါ့မွန်ကြားမှာ စာချုပ် ၁ နှစ် ကျန်ရှိနေပြီး ဒီမှာ ကစားရတာလည်း အဆင်ပြေပါတယ်။

ကျနော်မှာ ဖိအားမရှိသလို အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပေးဆပ်နိုင်ဖို့ပဲ ပြင်းပြနေပါတယ်။ လာမယ့်ရာသီမှာ အကောင်းဆုံး ကစားသွားပြီးတော့ ဘဝအတွက် အရေးကြီးတာကို
ဆုံးဖြတ်သွားမှာပါ။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။