မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ အသင်းမှာ လစာမြင့်မြင့်မားမား ခံစားခွင့် ရရှိလိုနေပြီး အသင်းဖော်ဆန်းချက်ဇ် ရရှိနေတဲ့ လစာငွေပမာဏကို အသင်းက ပေးချေဖို့ ဆန္ဒရှိနေကြောင်း Daily Mail က ဖော်ပြလိုက်ပါတယ်။ လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့် ကစားသမားဟာ ယူနိုက်တက်ရဲ့ တစ်ပတ်လုပ်ခ ပေါင် (၂၇၅၀၀၀) နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့က ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဆက်စ်ဖာဘရီဂတ်စ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ စီးရီးအေကလပ် အေစီမီလန်အသင်းကို ပေါင် (၁၀) သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားဖို့ ရှိနေတယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဆာရီဟာ အဆိုပါအပြောင်းအရွှေ့အတွက် မီးစိမ်းပြခဲ့ပြီလို့သိရပါတယ်။ အသက် (၃၁) နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအတွက် (၉) ပွဲသာကစားခွင့်ရရှိထားပြီး သူ့ရဲ့စာချုပ်သက်တမ်းဟာလည်း ရာသီကုန်မှာ ပြည့်တော့မှာပဲဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ နောက်ခံကစားသမား ဂယ်လိုဝေးဟာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ Liverpool Echo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားဟာ တံတောက်ကြော ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ယူ၂၃ အသင်းနဲ့သာ ကစားနေရတာဖြစ်ပါတယ်။ အင်္ဂလန်လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဆန်းဒါးလန်းကို အငှားနဲ့ သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဟာ ယန်းဘွိုင်းစ်နဲ့ပွဲစဉ်မှာ အရန်လူစရင်းမှာတောင် ပါဝင်လာခြင်းမရှိခဲ့တဲ့နောက်မှာတော့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ သေချာသလောက်ြဖစ်သွားခဲ့ပြီလို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ချီလီသား ဆန်းချက်ဟာ သူ့အနေနဲ့ အဲဒီလိုချန်လှပ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စိတ်ဆိုးခဲ့တယ်လို့ သိရပြီး သူ့အနေနဲ့ နည်းပြဟိုဆေးမော်ရင်ဟိုလက်အောက်မှာ အနာဂတ်မရေမရာဖြစ်မှာကို စိုးရိမ်နေခဲ့ပြီလို့ သိရပါတယ်။ သူ့အနေနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို တတ်နိုင်သမျှမြန်မြန်ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားဟာ ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကိုရေးကို ခေါ်ယူစာချုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့Mirror ကဖော်ပြထားပါတယ်။ နည်းပြဆေးလ်ဗားဟာ ဝက်ဖို့ဒ်အသင်းကို နည်းပြစဉ်က ဒူကိုရေးနဲ့ အတူ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့အတွက် အဆိုပါ ပတ်သက်မှုကို အသုံးပြုပြီး ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဗာတန်ဟာ လက်ရှိအချိန်မှာသူတို့ရဲ့ ကွင်းလယ်ကို အင်အားတိုးမြှင့်ဖို့ လုပ်ဆောင်နေပြီး ဘာစီလိုနာကနေ အငှားနဲ့လာရောက်ကစားနေတဲ့ အန်ဒရီဂိုးမက်စ်ကိုလည်းအပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

စပါးအသင်းကွင်းလယ်ကစားသမား ဒမ်ဘီလီက တစ်နှစ်လုပ်ခ ယူရို (၇)သန်းကနေ (၈)သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းနဲ့ မကြာခင်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားကို ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပြီး စပါးကတော့ ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချထားခဲ့ပါတယ်။ ဒီဘီလီကတော့ အသင်းမှာ ဆက်နေရမယ်ဆိုရင် လစာတိုးမြှင့်ရရှိလိုနေပြီး လက်ရှိမှာ တစ်နှစ်လုပ်ခ ယူရို (၅)သန်းခန့်သာ ရရှိနေတာ ဖြစ်ပါတယ်။

အက်သလက်တီကိုဗဟိုခံစစ်မှူး ဒီယေဂိုဂေါ်ဒင်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့သွားနိုင်တယ်လို့ Calciomercato အသင်းကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ ဥရုဂွေးလက်ရွေးစင် ဂေါ်ဒင်ဟာ လက်ရှိဘောလုံးရာသီအကုန်မှာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အေစီမီလန်ကမ်းလှမ်းတဲ့ တစ်နှစ်လုပ်ခလစာ ယူရို (၄) သန်းကို လက်ခံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အေစီမီလန်အနေနဲ့ လာမယ့်နွေရာသီမှာမှ ခေါ်ယူမယ်ဆိုရင်တော့ ဂေါ်ဒင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ လီဂူးဝမ်းကလပ် တူးလော့စ်အသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး အဒီးလ်တာအိုဝီကို အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းဌာနအချို့က ဖော်ပြထားပါတယ်။ Foot Mercato သတင်းဌာနရဲ့ဖော်ပြချက်ထဲမှာလည်း လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ စပါးတို့ဟာ အဆိုပါအသက် (၁၇)နှစ် အရွယ် ကြယ်ပွင့်တိုက်စစ်မှူးလေးကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ ဖော်ပြထားပါတယ်။

ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်အသင်းတို့ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကိုမန်ချက်စတာယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ SportBild သတင်းဌာနက ဖော်ပြထားပါတယ်။ချဲလ်ဆီးဟာ အဆိုပါ အသက် (၂၀) နှစ်အရွယ် အမေရိကန်ကြယ်ပွင့် ပူလီဆစ်ကို လာမယ့်ဇန်နဝါရီလကတည်းက ခေါ်ယူသွားလိုပေမယ့်လည်း ဒေါ့မွန်ဘက်က ရောင်းချသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဂျာမနီအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ မန်ယူဟာလည်း ပူလီဆစ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။

ဟက်ဒါစ်ဖီးလ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ လစ်ဗာပူးလ်ရဲ့လူငယ်တိုက်စစ်မှူးလေး ဒိုမီနစ် ဆိုလန်ကီကို အငှားနဲ့ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတယ်လို့ Sky Sports News ကဖော်ပြလိုက်ပါတယ်။ လစ်ဗာပူးလ်နည်းပြ ကလော့ပ်ဟာလည်း အဆိုပါ အသက် (၂၁) နှစ်အရွယ် အင်္ဂလန်သားလေးကို လာမယ့်ရာသီဝက်မှာ အခြားအသင်းတစ်ခုမှာ အငှားစေလွတ်ရင်း ပထမအသင်းမှာ ပြန်လည်ကစားခွင့်ရအောင် အခွင့်အရေးပေးသွားမယ်လို့သိရပါတယ်။

အာဆင်နယ်ဂန္တဝင် ရေးပါလာက ရိန်းဂျားစ်နည်းပြ စတီဗင်ဂျာရတ်အနေနဲ့ အသင်းလက်မယ့်ဖြစ်နေတဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးလိုက်ပါတယ်။ အသက် (၃၇) နှစ်အရွယ် အက်ရှ်လေကိုးလ်ဟာ အမေရိကန်ကလပ် LA ဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ရေးပါလာကတော့ အဆိုပါ ဝါရင့်နောက်ခံလူကို စိတ်ဝင်စားတဲ့ ကလပ်တွေရှိနေသေးတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ လက်ရှိ စကော့တလန်ကလပ် ရိန်းဂျားစ်နဲ့အတူကောင်းမွန်တဲ့ ရာသီကိုဖြတ်သန်းနေတဲ့နည်းပြ ဂျာရတ်အနေနဲ့ အက်ရှ်လေကိုးလ်ကို တစ်ရာသီလောက်ခေါ်ယူသင့်ကြောင်းအကြံပြုလိုက်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ နည်းပြလောကအတွင်း ပြန်လည်ဝင်ရောက်ဖို့ အသင့်ဖြစ်နေပြီလို့ အာဆင်နယ်ကစားသမားဟောင်း မာတီဆက်ကာက ပြောကြားခဲ့ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ၀င်းဂါးဟာ ဘိုင်ယန်မြူးနစ်နည်းပြသစ် ဖြစ်လာဖွယ် ရှီနေပြီး မာတီဆက်ကာကလည်း ၀င်းဂါးနဲ့ ဘိုင်ယန်တို့ဟာ လိုက်ဖက်ညီတယ်လို့ ထောက်ခံပြောကြားခဲ့ပြီး ၀င်းဂါးအနေနဲ့ ကမ္ဘာ့ထိပ်တန်းအသင်းတွေကို ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။