ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကြီးတွေ ဖြစ်နေကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ ဒီတပတ်မှာတော့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အမ်းမရိတ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားကြတော့မှာပါ။
ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ် – လီဗာပူး တို့ရဲ့ အက်ဖ်အေဖလားပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
ပေါမာဆန်က ” အာဆင်နယ်နဲ့ လီဗာပူးက ပရီးမီးယားလိဂ်ပွဲ အဖြစ် အန်းဖီးမှာ သိပ်မကြာခင်က တွေ့ထားပြီး အကြိတ်အနယ် ကစား ၁-၁ သရေ ကျထားပါတယ်။ အဲဒီပွဲပြီးတည်းက ဂန်းနားတွေက ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကို ဆက်တိုက် ရှုံးနိမ့်ထားပြီး လီဗာပူးနောက် ၅ မှတ် အကွာကို ရောက်သွားတယ်။
ဒီနှစ်သင်းက ထပ်ပြီး ထိပ်တိုက်တွေ့ပြန်ပါပြီ၊ ဒီတခါတော့ အက်ဖ်အေဖလားပွဲပါ။ အာဆင်နယ် အနေနဲ့ ရလဒ်အဆိုးတွေက ရုန်းထွက်ဖို့ လိုနေတာကြောင့် ဒီပွဲကို အရှုံးခံလို့ မရပါဘူး။
လီဗာပူးမှာက ပရီးမီးယားလိဂ် ပွဲတွေအဖြစ် ဘုန်းမောက်၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ တွေ့ဖို့ ရှိပြီး အရေးပါတဲ့ ပွဲတွေ ဖြစ်နေတယ်။ သူတို့က ဖူလ်ဟမ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲ ကစားဖို့လည်း ရှိနေတယ်။ ဒီတော့ အဓိက ကစားသမားတွေ အကုန်လုံးကို ဒီတပတ်ပွဲမှာတော့ ထုတ်သုံးဖွယ် မရှိဘူး။
အာဆင်နယ်က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဆာလာ မပါဘဲ လီဗာပူးက ရင်ဆိုင်ရမှာ ဖြစ်လို့ ဒီပွဲမှာ အာဆင်နယ်ကိုပဲ အသာပေးချင်ပါတယ်။ ” လို့ ပေါမာဆန်က သုံးသပ်သွားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၂-၁ လီဗာပူး ဖြစ်ပါတယ်။