အမ်ဘာပေဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတော့ကာ စာချုပ်သစ် မချုပ်ဆိုဘူးဆိုရင် နွေမှာ အသင်းသစ်ထံ ကူးပြောင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ဇန်နဝါရီလက စတင်ကာ အမ်ဘာပေကို ခေါ်ယူဖို့ ပြင်သစ်လိဂ် ပြင်ပကလပ်တွေ စတင်ကြိုးစားခွင့်ရနေပါပြီ။ ဒါပေမယ့် အားထုတ်မှုတွေ အားကောင်းလာခြင်း မရှိသေးတာက အမ်ဘာပေနဲ့ ပီအက်စ်ဂျီကြား စာချုပ်ကြောင့် ဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့ ဒီနွေမှာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ဖြင့် မထွက်ဘဲ စာချုပ်သစ် သက်တမ်းတိုးမယ်ဆိုရင် လက်မှတ်ထိုးလိုက်တာနဲ့ ကလပ်အပေါ် သစ္စာရှိကြေး ပေါင် ၆၉ သန်း ပေးပါမယ်လို့ ပြင်သစ်ချန်ပီယံတွေဘက်က အာမခံထားတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကတော့ အနာဂတ်အတွက် အခုချိန်ထိ မဆုံးဖြတ်ရသေးဘဲ မေ ဒါမှမဟုတ် ဧပရယ်လလောက်မှ သေချာတဲ့ ရွေးချယ်မှု တစ်ခုခုကို ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူရေး ကာလရှည် ရေပန်းစားပေမယ့် လက်တလောမှာတော့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက အံ့ဖွယ် အနေအထားအဖြစ် ပြင်သစ်သားနဲ့ သတင်းကြီးတွေ ထွက်ပေါ်လို့ လာနေပါတယ်။

ပြင်သစ်သတင်းတွေအပြင် Caught Offside သတင်းမှာပါ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ကျော်ပြီး အမ်ဘာပေကို ခေါ်ယူနိုင်မယ်လို့ ဖော်ပြနေကြကာ တိုက်စစ်သမားဟာ အသင်းပြောင်းခွင့်ရရေး သစ္စာရှိကြေး ပေါင် ၆၉ သန်းကို စွန့်လွှတ်သွားမယ်လို့ပါ ဖော်ပြနေကြပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ လီဗာပူးအသင်းဟာ မိခင်ဖြစ်သူ အနှစ်သက်ဆုံး ဘောလုံးအသင်းဖြစ်ကြောင်း အမ်ဘာပေက ထုတ်ပြောဖူးသလို သူကိုယ်တိုင်ကလည်း လီဗာပူးနဲ့ ယာဂင်ကလော့ပ်ကို အထင်ကြီးပါကြောင်း ဝန်ခံထားဖူးတာ ဖြစ်ပါတယ်။

အမ်ဘာပေရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမယ် မသိရသေးပေမယ့်လို့ ပြင်သစ်တွေကတော့ တိုက်စစ်မှူးကို သက်တမ်းမတိုးနိုင်ဘဲ လက်လွတ်ရရင် ရီးရဲလ်မက်ဒရစ်ထံ ရောက်သွားတာထက် လီဗာပူးကို ရောက်သွားတာကိုပဲ ပိုမို ပျော်ရွှင်ကြမယ့် သဘောထားတွေ ပြသနေတာ ဖြစ်ပါတယ်။