ဇန်နဝါရီစျေးကွက်မှာ လူသစ်ခေါ်ယူဖို့ အရမ်း မျှော်လင့်ချက်ထားနေကြတဲ့အပေါ် အာတီတာက စိတ်ပျက်စရာ စကားမျိုးတွေဖြင့် အသိပေးလာခဲ့ပါပြီ။

ဒီအပတ်မှာ အာဆင်နယ်ဟာ လီဗာပူးကို ဧည့်ခံပြီး အက်ဖ်အေဖလား တတိယအဆင့်ကို ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲမတိုင်ခင် ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကို ဆက်တိုက် ရှုံးနိမ့်ထားတဲ့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် မဟုတ်တဲ့ ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ရတာမို့ အသက်ရှုဖို့ အချိန်ရခဲ့ပါတယ်။

ဆောင်းရာသီစျေးကွက် ဖွင့်နေချိန်မှာ အာဆင်နယ်က တိုက်စစ်မှူးနဲ့ အစွန်လူအပြင် ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူမယ်လို့ သတင်းတွေထွက်နေပြီး အာတီတာကတော့ မျှော်လင့်ထားသလို အင်အားဖြည့်မှုတွေ မလုပ်နိုင်တာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်နည်းပြက ‘ ကျနော်တို့ စျေးကွက်ထဲမှာ ဝင်ရောက် လှုပ်ရှားဖို့ လမ်းဖွင့်ထားပါတယ်။ ဒါ့အပြင် ကိုယ့်မှာရှိတဲ့ ကစားသမားတွေထဲက အကောင်းဆုံးတွေ ဖော်ထုတ်နိုင်ဖို့လည်း အလေးပေးသွားမှာပါ။

ကျနော်တို့ ကောင်းမွန်တဲ့ ရွေးချယ်စရာတွေကနေ ဖြစ်လာနိုင်ချေတိုင်းအတွက် ကလပ်နဲ့အတူ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လို့ ကိုယ့်မှာရှိတဲ့ ကစားသမားတွေ အပေါ်မှာပဲ အဓိက အာရုံစိုက်ရမှာ ဖြစ်ပါတယ် ’ လို့ ဖြေဆိုပါတယ်။

သတင်းထောက်တွေက ဇန်နဝါရီမှာ အာဆင်နယ်အသင်း လူသစ် မခေါ်ယူတာမျိုး ဖြစ်လာနိုင်သလားလို့ မေးခွန်းထုတ်ရာမှာ အာတီတာက ‘ အဲ့တာက ဖြစ်လာနိုင်ချေတွေထဲက တစ်ခုပါပဲ ’ လို့ တုန့်ပြန်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးကို ခေါ်ယူလိုပေမယ့် ပေါင် သန်း ၁၀၀ တောင်းဆိုခံရမှာဖြစ်သလို နွေကျမှ ခေါ်ယူခွင့်ရမှာပါ။ အခုချိန်ထိတော့ အာဆင်နယ်ရဲ့ ဇန်နဝါရီစျေးကွက်ဟာ တစ်ခုခု ကြီးကြီးမားမား ဖြစ်လာမယ် မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။