လီဗာပူးအသင်းဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အာဖရိကဖလားနဲ့ အာရှဖလားတွေကြောင့် ဆာလာနဲ့ အန်ဒိုတို့ကို လက်လွတ်ထားရမှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အုပ်စုအဆင့်တွေက ပြုတ်မယ်ဆိုရင် သူတို့ဟာ ဇန်နဝါရီ အကုန်လောက်မှာ အသင်းထံ ပြန်ရောက်လာကြပါမယ်။ အသင်းသားတွေအတွက် မက်ဆေ့စကား ပေးပို့ရမှာ အုပ်စုက ပြုတ်လာကြရင် ဝမ်းသာမှာပဲလို့ ကလော့ပ်က အရွှန်းဖောက်ခဲ့ပါတယ်။
ဒီကနေ့မှာပဲ ဆာလာဟာ အီဂျစ်အသင်းနဲ့ စတင် ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ မကြာခင်မှာတော့ ဒီဇင်ဘာလရဲ့ လီဗာပူး တစ်လတာအကောင်းဆုံး ကစားသမား အန်ဒိုကလည်း ဂျပန်အသင်းနဲ့ ပူးပေါင်းသွာမှာပါ။
ကလော့ပ်ကပဲ ” သူတို့တွေ ကံကောင်းပါစေလို့ ဆုတောင်းပေးရင် ကျနော် ညာရာကျမှာပေါ့။ မလုပ်ပေးချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော် သူတို့ကို ကံကောင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။
ကျနော် ပုဂ္ဂိုလ်ရေး အရဆိုရင်တော့ သူတို့တွေ အုပ်စုအဆင့်ကနေ ပြုတ်လာကြရင် အတော်လေး ပျော်မိမှာပါပဲ။ ဒါပေမယ့် ဒါက ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ ဒီတော့ ကိစ္စ မရှိပါဘူး။ သူတို့ ကောင်းကောင်း ယှဉ်ပြိုင်ကစားကြပါစေပေါ့ ” လို့ ကလော့ပ်က ပြောဆိုသွားပါတယ်။
လီဗာပူးအသင်းဟာ သူတို့တွေ မရှိချိန်မှာ ဖလားပွဲတွေကို အများစု ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဘုန်းမောက်၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
အန်ဒိုနေရာ မာကာပြန်ဝင်လာမှာဖြစ်ပေမယ့် ဆာလာနေရာ အစားထိုးဖို့ကတော့ အရေးကြီး ကိစ္စဖြစ်လာနေတာပါ။ ကလောပ့်ကတော့ မတူညီတဲ့ ကစားသမားတွေနဲ့ နည်းလမ်းရှာဖွေသွားမယ်လို့ ထုတ်ပြောထားသေးတာ ဖြစ်ပါတယ်။