အင်္ဂလန် တတိယတန်းအဆင့် အမှတ်ပေးပြိုင်ပွဲ လိဂ်ဝမ်းမှ ဝီဂန်အသင်းဟာ လာမယ့် တနင်္လာနေ့ည အက်ဖ်အေဖလား ပွဲမှာ ယူနိုက်တက် အား ရင်ဆိုင်ပြီး အက်ဖ်အေကနေ ဖြုတ်ချဖို့ ရည်မှန်းထားပါတယ်။
၂၀၁၃ တုန်းကလည်း မန်စီးတီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ယူခဲ့တဲ့ ဝီဂန် အသင်းဟာ ဒီရာသီ အက်ဖ်အေဖလား တတိယ အဆင့်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံနေတာပါ။
ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလို ကာရာဘောင်းနဲ့ ချန်ပီယံလိဂ်တို့ကနေလည်း ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။ ဝီဂန်ကလည်း လိဂ်ဝမ်းမှာတောင် အဆင့် ၁၇ မှာ ရပ်တည်နေရပေမယ့် ယူနိုက်တက်ကို သိပ်ပြီး အထင်မကြီးဟန် ရှိပါတယ်။
ဒီပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာတော့ ယူနိုက်တက်ရဲ့ အားနည်းချက် အကြောင်း မေးမြန်းခံရရာ ဝီဂန်အသင်း နည်းပြ မာလွန်နီ က အခုလို ပြောဆိုလာပါတယ်။
မာလွန်နီက ” အားနည်းချက် ဆိုတာက ဘယ်အသင်းမှာ မဆို ရှိတယ် လို့ မြင်ပါတယ်။ လိဂ်ဝမ်း ပြိုင်ဘက်ဖြစ်ဖြစ် ပရီးမီးယားလိဂ်အသင်းကိုပဲဖြစ်ဖြစ် အားသာချက်ယူဖို့ ကျနော်တို့ မြင်ထားတာတွေ ရှိပါတယ်။
ပြိုင်ဘက်တွေကို သေချာတဲ့ နေရာတွေကနေ နာကျင်ခံစားသွားရအောင် လုပ်ဖို့ပဲ ကျွန်တော်တို့က အမြဲ ကြိုးစားမှာပါ။ ကျွန်တော့် ကစားသမားတွေကို မင်းတို့ လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး ပေးမှာပါ။
မန်ချက်စတာ ယူနိုက်တက် အတွက် အလွန်တရာ ကို ခက်ခဲတဲ့ ပွဲ တစ်ပွဲ ကြုံသွားရအောင် ကျွန်တော်တို့ ဖန်တီးပါမယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
ဝီဂန်နဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် အင်္ဂါနေ့ နံနက် ၂း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။