ဒီည မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ် မတိုင်ခင် လိဂ်ဝမ်းကလပ် ဝီဂန် တောင်ပံ ကစားသမား ကော်လန် မက် မန်နာမန်ကတော့ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ တွေ့ရမှာ အတွက် ကျေနပ်အားရလို့ နေပါတယ်။
အက်ဖ်အေမှာ ယူနိုက်တက်နဲ့ မဲကျတာထက် ပိုကောင်းတဲ့ မဲခွဲရလဒ်လည်း မရှိသလို သူတို့ဘက်က ဘာမှ ဆုံးရှုံးစရာ မရှိဘူးလို့ မန်နာမန်က ပွဲကြို ကြွေးကြော်သွားပါတယ်။
” ကျွန်တော် အက်ဖ်အေဖလား ပြိုင်ပွဲမှာ အမှတ်တရကောင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒီ တနင်္လာနေ့ ပွဲအတွက် ကျွန်တော်တို့ အားလုံး စောင့်မျှော်နေကြပြီ။ အသင်းကသူတွေ အားလုံးကတော့ ဒီပွဲ အကြောင်းပဲ ပြောနေတော့တာ။
အသင်းရဲ့ အနေအထားကတော့ သိပ်ကို ကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမဲခွဲရလဒ်ထက် ပိုကောင်းတဲ့ ဟာ မရှိနိုင်ဘူးလို့တောင် ထင်တယ်။
ကျွန်တော်တို့ဘက်မှာ ဘာမှ ဆုံးရှုံးစရာ မရှိဘူး။ ရှေ့ထွက်ပြီး အားကုန်ဖိုက်မယ်။ ကိုယ့်ပုံစံအမှန်ကို ဖော်ထုတ်ပြမယ်၊ ယုံကြည်မှု ရှိရှိ လုပ်မယ်။ ” လို့ မန်နာမန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။