ကလပ်ကမ္ဘာ့ဖလားချန်ပီယံ မန်စီးတီးဟာ အဲဗာတန်၊ ရှက်ဖီးတို့ကို ဆက်တိုက် အနိုင်ယူခဲ့တဲ့နောက် ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

နာမည်ကျော် အချက်အလက် ဝက်ဘ်ဆိုဒ် Opta ရဲ့ စူပါကွန်ပျူတာ နောက်ဆုံး ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ အစပိုင်းမှာ ဗိုလ်စွဲဖို့ရာခိုင်နှုန်း ၃၉.၃ % ထိကျဆင်းခဲ့တဲ့ မန်စီးတီးဟာ ယခုအခါ ၅၅.၁ % မြင့်တက်လာပြီဖြစ်ပါတယ်။

ခရစ္စမတ်မှာ ပရီးမီးယားလိဂ်ကို ဦးဆောင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဗိုလ်စွဲနိုင်ခြေဟာ ၁၅% ထိ တရှိန်ထိုး ပြန်ကျဆင်းသွားပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီဇင်ဘာလ ၁၈ ရက်တုန်းက ဗိုလ်စွဲနိုင်ခြေ ၂၉.၉ % ရှိခဲ့ပေမဲ့ ပွဲဆက် ရလဒ် ထိခိုက်မှုတွေကြောင့် ပြန် ကျဆင်းလာခဲ့တာပါ။

အခုလောလောဆယ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းရဲ့ ဗိုလ်စွဲနိုင်ခြေက မြင့်တက်လာပြီး အရင်က ၂၃.၆ % သာရှိတာကနေ အခု ၂၇.၃ % ရှိလာပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီမှာ စပါးအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အသင်းကြီးတွေထဲမှာ ရှုံးပွဲအနည်းဆုံးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စံချိန်တင်အဖြစ် ၄ ရာသီဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း အာဆင်နယ်ရဲ့နောက်မှာ ရက်တော်တော်ကြာ ရပ်တည်ခဲ့ရပေမဲ့ ရာသီကုန်ချိန်မှာတော့ အာဆင်နယ် ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့ပါတယ်။