လီဗာပူးအသင်းက အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ နည်းပြကလော့ပ်ဟာ ပွဲချိန်တွင်းမှာပဲ စနစ်တွေကို ပြောင်းလဲကစားခဲ့ပါတယ်။

ပထမပိုင်းတုန်းက ဗန်ဒိုက် မပါဝင်ပေမယ့် ကိုနတေး၊ ကွမ်းဆက်တို့နဲ့အတူ ခံစစ်ကနေ ဘောလုံးထုတ်နိုင်ဖို့ အားပြုခဲ့ပြီး သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် ခံစစ်ကနေ ဘောလုံးထုတ်ရာမှာ လီဗာပူးဘက်က အေးအေးဆေးဆေး မလုပ်နိုင်ဘဲ အတော်လေး အမှားများခဲ့ပါတယ်။

ညာတောင်ပံက ပွဲထွက်လာတဲ့ ဟာဗေးက ဘောလုံးအတော် ရချင်ပေမယ့် ခံစစ်က သူ့ကို ဘောလုံး မပေးနိုင်သလို သူကိုယ်တိုင်ကလည်း ဆာလာလို ဘောလုံးထိန်းမပေးနိုင်ခဲ့ဘဲ လိုင်းတွေကို ကျော်ပြေးဖို့ အခြေအနေ မပေးခဲ့ပါဘူး။

ထရန့်ကတော့ ” ပထမပိုင်းအပြီးမှာ ကျနော်တို့ နည်းဗျူဟာတွေကို ပြောင်းလဲခဲ့တယ်။ ဘောလုံးကို ကောင်းကောင်း ပြန်ကစားနိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ စနစ် ပြောင်းလိုက်တာက ကျနော်တို့အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ် ” လို့ ရှင်းပြပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးအသင်းဟာ ကစားဟန်ကို နှစ်ကြိမ် ပြောင်းလဲခဲ့ပါတယ်။ ပထမအားဖြင့် ဂက်ပိုကိုထုတ်ပြီး ဂျိုတာထည့်လို့ တိုက်စစ်ပိုင်း နေရာချမှုကို ပြုပြင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယ ပြောင်းလဲမှုကတော့ ပွဲချိန် ၁ နာရီကျော်အကြာမှာ ဘော်ဘီကလက်၊ ဘရတ်ဒလေတို့ကို ဝင်ကစားစေကာ ထရန့်ကို အတွင်းထဲ အပြီး ပို့ခြင်းဖြင့် ကွင်းလယ်တန်းကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ထရန့်ကတော့ ဒုတိယပိုင်းအတွင်း ခံစစ်ကနေ ဘောလုံးထုတ်ဖို့ကို အဓိက မထားတော့ဘဲ ဘယ်ခြမ်း ပြောင်းသွားတဲ့ ဒါဝင်ရဲ့ တိုးအားဟာ အာဆင်နယ် ခံစစ်ကို ထိုးဖောက်ဖို့ အဓိက အကူအညီဖြစ်ခဲ့ကြောင်း မှတ်ချက်ပေးပါတယ်။

” ပထမပိုင်းတုန်းက ကျနော်တို့တွေ ခံစစ်ကနေ ဘောလုံးထုတ်ဖို့ ကစားတာ ချာနေခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဒါဝင်နဲ့ လူချိုတို့ရဲ့ မြန်နှုန်းကို အသုံးပြုပြီး ပြောင်းကစားတော့ ကျနော်တို့ ပုံစံအတိုင်း ကစားလာနိုင်တယ်။

ဒါဝင်က တောင်ပံနေရာကို ချဲထွက်ပြီး သူ့ရဲ့ မြန်နှုန်းနဲ့ အာဆင်နယ် အစွန်သမားတွေကို ရင်ဆိုင်ပေးခဲ့ပါတယ် ” လို့ ထရန့်က ရှင်းပြသွားပါတယ်။