ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မက်ဒယ်ဘရော့အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ချယ်ဆီးတို့ ၁-၀ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အိမ်ရှင်အသင်းက ပွဲချိန် ၃၈ မိနစ်မှာ ပွဲရဲ့ တစ်ဂိုးတည်းသော သွင်းဂိုးကို ရယူသွားတာပါ။ ဒီပွဲမှာ ချယ်ဆီးတို့ အမှားတွေ လုပ်ခဲ့သလို ပါလ်မားကလည်း ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ချယ်ဆီးအသင်းဟာ အစွယ်မရှိသလို ဖြစ်နေခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ချေပဂိုး ပြန်မယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ စွမ်းဆောင်ရည်အရ သူတို့ဟာ ပိုကောင်းတဲ့အသင်းဆိုတာ မြင်နိုင်ပါတယ်လို့ ရှင်းပြခဲ့တယ်။
ချယ်ဆီးနည်းပြကပဲ ” ပရိသတ်တွေ စိတ်ပျက်နေတာကို သိပေမယ့်လို့ နောက်ထပ် မိနစ် ၉၀ ကစားရဖို့ ကျန်နေပါသေးတယ်။ ဒီနေ့ ပွဲချဉ်းကပ်ပုံ ကောင်းပေမယ့် ပထမပိုင်းမှာ အမှားတွေ လုပ်မိပြီး သူတို့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးမျိုးတွေ ပေးခဲ့မိပါတယ်။
မက်ဒယ်ဘရော့က တကယ်ကို ခက်ခဲတဲ့အသင်းပါ။ သူတို့ ခံစစ်ကို သိပ်သိပ်သည်းသည်း ကစားသလို တိုက်စစ်ကိုလည်း ပြောင်းလဲကစားနိုင်တယ်။ ကိုယ်လုပ်မိတဲ့ အမှားတွေကနေ ကျနော်တို့ ပေးဆပ်လိုက်ရတာပါပဲ။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။
စွမ်းဆောင်ရည်အရ ကြည့်မယ်ဆိုရင် ကျနော်တို့က ပိုကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ကျနော်တို့ ဂိုးမသွင်းနိုင်သလို အကောင်းဆုံး မလုပ်နိုင်ခဲ့ပါဘူး ” လို့ ဖြေဆိုသွားပါတယ်။
ဒုတိယအကျော့ကို ဇန်နဝါရီလ ၂၃ ရက်နေ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်ဆီးဟာ အရှုံးရလဒ်ကို ပြန်ချေဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။