ဖူလ်ဟမ်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲကြိုမှာ ထရန့် ဒဏ်ရာရသွားပြီလို့ လီဗာပူးအသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီး ထရန့် ဒဏ်ရာ အနည်းငယ် ရသွားခဲ့တာပါ။ ညာအစွန်လူဟာ ဒီဒဏ်ရာကြောင့် ၃ ပတ်ဝန်းကျင် အနားယူရမှာဖြစ်ကာ လီဗာပူးရဲ့ ပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်သွားပါမယ်။

ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းပွဲကို သေချာပေါက် လွဲမှာဖြစ်သလို ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဖူလ်ဟမ်နဲ့ ကာရာဘောင်း အဝေးကွင်းပွဲတွေကို လွဲချော်သွားပါမယ်။ သူဟာ လကုန် ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရှိနေပေမယ့် ဇန်နဝါရီလတွင်း ဆာလာကို အာဖရိကပွဲတွေအတွက် လက်လွတ်ထားရ​ကာ ယခု ထရန့် သတင်းဆိုး ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။

ဒီအပတ်မှာ မန်စီးတီးဟာလည်း နယူးကာဆယ်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာကတော့ ကလော့ပ်နဲ့ မတူဘဲ သတင်းကောင်းတွေရနေပါတယ်။

စီးတီးနည်းပြကတော့ ” နယူးကာဆယ်နဲ့ ခက်ခဲတဲ့ပွဲအတွက် ဒီဘရိုင်း၊ ဟာလန်း၊ ဒိုကူ၊ ဂရီလစ်တို့ အားလုံး ပြန်လာပါပြီ။ ရာသီကုန်ထိ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ အားလုံးကို လိုအပ်တာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။