လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဖူလ်ဟမ်အသင်းကို ၂-၁ ဖြင့် အနိုင်ရပြီး ဝင်ဘာလေကို သွားနိုင်ဖို့ ခြေတစ်လှမ်း နီးလာခဲ့ပါပြီ။

မနှစ်ကရာသီ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ ဆုဖလားပြိုင်ပွဲ ၄ ခုလုံးကို အားကောင်းစွာ ယှဉ်ပြိုင်လာခဲ့တာပါ။ ဒါတွေအားလုံးဟာ ကလော့ပ်ကြောင့်လို့ စကိုင်းစပေါ့ သုံးသပ်သူ ဂျင်မီရက်နက်က သုံးသပ်ခဲ့ပါတယ်။

ရက်နက်ကပဲ ‘ ရိုးရိုးသားသား ပြောရရင် မနှစ်တုန်းက ကလော့ပ်ဟာ အရည်အချင်း ကျဆင်းသွားသလိုပါပဲ။ ဒါပေမယ့် ကစားသမားတွေ အများကြီး ထွက်သွားတဲ့ လူစာရင်းကို သူက ချောမွေ့တဲ့ အကူးအပြောင်းမျိုး လုပ်ပြနေတာက မယုံနိုင်စရာပါ။

သူတို့ ကစားနေတဲ့ အင်အားမျိုးနဲ့ဆိုရင် စောင့်ကြည့်ဖို့ရာ ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ သူက အားလုံးအပေါ် ရိုးသားတယ်။ ဒါကြောင့်ပဲ သူနဲ့ ပရိသတ်တွေ၊ ကစားသမားတွေကြား ဆက်နွယ်မှုက သိပ်ကောင်းတာပါပဲ။

သူက သန်းပေါင်းများစွာသန်တဲ့ ကစားသမားတွေကို ပြေးလွှားအောင် ဆရာကျကျ ဦးဆောင်နိုင်တယ်။ မန်နေဂျာတိုင်း ဒါမျိုးလုပ်နိုင်တာ မဟုတ်ပါဘူး။ သူကတော့ ခပ်လွယ်လွယ်ပဲ လုပ်ပြခဲ့ပါတယ်။

လူတိုင်းက ပြေးလွှားနေကြတယ်၊ အသင်းအတွက်ဆိုပြီး ရှိသမျှ အစွမ်းအကုန် အားထုတ်ပေးနေကြတယ်။ ဒါက မန်နေဂျာကြောင့် ဖြစ်လာရတာပါ။ လူတိုင်းက ကလော့ပ်ရဲ့ တောင်းဆိုမှုအကြောင်း ပြောကြတယ်၊ သူက ကစားသမားတွေ ပြေးလွှားချင်လာအောင် လုပ်ပေးတဲ့သူပါ ‘ လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲ ၄ ခုလုံးမှာ ဆက်ရှိနေတာပဲ ဖြစ်ပါတယ်။