ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မက်ဒယ်ဘရော့အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ချယ်ဆီးတို့ ၁-၀ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အနိုင်ယူပြမယ်လို့ ပိုချက်တီနိုက အသိပေးခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ အစွယ်မရှိသလို ဖြစ်နေခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယအကျော့ကို ဇန်နဝါရီလ ၂၃ ရက်နေ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်ဆီးဟာ အရှုံးရလဒ်ကို ပြန်ချေဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။
ချယ်ဆီးနည်းပြကပဲ ” ပရိသတ်တွေ စိတ်ပျက်နေတာကို သိပေမယ့်လို့ နောက်ထပ် မိနစ် ၉၀ ကစားရဖို့ ကျန်နေပါသေးတယ်။ ” ဆိုပြီး ဒုတိယပိုင်း ရလဒ်ကို စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့တယ်။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဖြစ်သလို လက်ရှိ မစ်ဒယ်ဘရော့ နည်းပြလည်း ဖြစ်တဲ့ မိုက်ကယ် ကားရစ်ကတော့ နောက်တစ်ကျော့မှာ ချယ်ဆီးကို ကျော်ဖြတ်ပြီး ဖိုင်နယ်သွားလိုကြောင်း သတိပေး စိန်ခေါ်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကားရစ်က ” ချယ်ဆီးကလည်း အခွင့်အရေးကောင်းတွေ ရတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တာလည်း ပါပါတယ်။ ဒီနိုင်ပွဲက အသင်းသားတိုင်း အတွက် ဘယ်လောက် အဓိပ္ပါယ်ရှိလဲ ကျွန်တော် ကောင်းကောင်း သိပါတယ်။
ဒါပေမယ့် လုပ်ငန်းစဉ်က မပြီးသေးဘူး။ နောက်ပွဲ ဒုတိယ အကျော့အတွက် ပြင်ဆင်ရဦးမယ်။ အဲဒီပွဲ တိုက်ပွဲဝင်ပြီး ဘယ်လို ဖြစ်မလဲ ကြည့်ရဦးမှာပါ။
ဘောလုံး ဆိုတာက အိပ်မက် မက်ရတာပါပဲ။ ကျွန်တော်တို့ ကြိုးစားမှုကို လျှော့လိုက်မှာ မဟုတ်ဘူး။ ” လို့ ကားရစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။