ရင်းနှီးမြုပ်နှံမှု အသစ်တွေ ရလာတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူမှု အချို့ကို ပြုလုပ်ဖို့ ရည်ရွယ်နေသလို အပြောင်းအရွှေ့ ကိစ္စတွေ ရှိလာတော့မယ်လို့ သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် ဗာမီရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဗာမီရန်းက လက်ရှိမှာ ရိုင်ယယ် အန့်ဝပ်ရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

ဗာမီရန်းဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အဓိက ကစားလေ့ရှိသူ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ဥရောပကလပ် အများအပြားက ကင်းထောက်တွေ စေလွှတ်ထားကြရတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြည်တွင်း ပြိုင်ဘက်တွေနဲ့အပြိုင် ဗာမီရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက် တာဝန်ရှိသူတွေက ဗာမီရန်းနဲ့ နီးစပ်သူတွေကို ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှု တချို့ပါ လုပ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက်လည်း စိတ်ဝင်စားနေပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အချိန် ဆော်ဒီပရိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရာမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။