လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ရဲ့ ဆိုးဆိုးရွားရွား တုန့်ပြန်မှုကို ရင်ဆိုင်နေရကာ ဒိုင်ချုပ်ဖြစ်တဲ့ ဟောင်းဝပ်ကတော့ အာဆင်နယ်ကို သရေကျတဲ့ပွဲမှာ လီဗာပူး ပင်နယ်တီ ရခဲ့သင့်တာပါလို့ ဝန်ခံလိုက်ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်ချုပ်ဖြစ်တဲ့ ဟောင်းဝပ်က ပြီးခဲ့တဲ့လအတွင်း လီဗာပူး ၁-၁ အာဆင်နယ် ပွဲစဉ်မှာ အိုဒီဂတ်ရဲ့ လက်ထိဘောဟာ ပင်နယ်တီ ပေးရမှာပါလို့ ထုတ်ပြောလာခဲ့တယ်။

ဂါဘရီရယ်ရဲ့ အစောပိုင်း ဦးဆောင်ဂိုးကို ဆာလာက ခြေပဂိုး ပြန်သွင်းခဲ့တာဖြစ်ပြီး အဆိုပါပွဲရဲ့ ပထမပိုင်းမှာပဲ အိုဒီဂတ် လက်ထိတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့သေးတာပါ။ ဒိုင်တွေက ပင်နယ်တီပေးဖို့ ငြင်းဆန်တဲ့ အဆိုပါဖြစ်ရပ်ကို ကွင်းပြင်မှာ ကလော့ပ်က ပေါက်ကွဲနေခဲ့ပါသေးတယ်။

VAR အဖွဲ့ရဲ့ မှားယွင်းစွာ ဖြစ်ရပ်ကို သုံးသပ်မှုကြောင့် အိုဒီဂတ်ဟာ ကံကောင်းတဲ့ ဆုံးဖြတ်ချက်ရခဲ့ကြောင်း ဒိုင်ချုပ်က ဝန်ခံသွားခဲ့တယ်။

ဟောင်းဝပ်ကတော့ ‘ ကွင်းတွင်းဒိုင်က အိုဒီဂတ် ခြေချော်ပြီး လဲကျသွားတယ် ထင်ခဲ့တာပါ။ သူက ခြေချော်တာ မဟုတ်ဘဲ လဲကျသွားချိန် ဘောလုံးကို လက်နဲ့ ထိတွေ့မှု ရှိခဲ့တာ ဖြစ်ပါတယ်။

VAR က အဲ့ရှုထောင့်ကို ကြည့်ခဲ့ပါတယ်။ အိုဒီဂတ်က အားယူပြီ သူ့ကိုယ့်သူ ဟန်ချက်ထိန်းတာလို့ ထင်ခဲ့တယ်။ ဒါက ဒီနေရာမှာ အဓိကကျတဲ့ ဆုံးဖြတ်ချက် ဖြစ်နေခဲ့တာပါ။ တမင်လုပ်တာဖြစ်ဖြစ် မရည်ရွယ်တာပဲဖြစ်ဖြစ် အိုဒီဂတ်ကတော့ ကံကောင်းသွားတာပါ။

အဲ့လိုမျိုး အမြင်ကို အခြေခံပြီး ဆုံးဖြတ်ခဲ့တာကြောင့် မှားယွင်းသွားခဲ့ပါတယ် ’ လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ တစ်ပွဲတည်းသော ရှုံးပွဲအဖြစ် စပါးကို အရေးနိမ့်တုန်းကလည်း ဦးဆောင်ဂိုးရခဲ့ပေမယ့် မှားယွင်း ပယ်ဖျက်ခံခဲ့ရတယ်။ အာဆင်နယ်ပွဲမှာလည်း ထပ်ပြီး ရင်ဆိုင်ခဲ့ရတာမို့ ဒိုင်တွေက လီဗာပူးကို ချန်ပီယံဖြစ်ခွင့် မပေးလိုဘူးလို့ ဘောလုံးပရိသတ်တွေ ထောက်ပြနေတာပဲ ဖြစ်ပါတယ်။