ပဲလေစ့်ကို ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး ဂါဘရီရယ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးက ထောက်ပြ ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လန်ဒန်ဒါဘီပြိုင်ဘက် ပဲလေစ့်အသင်းကို သက်သက်သာသာ ကစားပြီး ပထမပိုင်းမှာတင် ဂါဘရီရယ်ရဲ့ ခေါင်းတိုက်ဂိုး ၂ ဂိုးဖြင့် ဦးဆောင်ခဲ့ရတာပါ။ ဒါဟာ ပြိုင်ပွဲစုံမှာ ရလဒ်တွေမကောင်း ဖြစ်နေတဲ့ အာဆင်နယ်အတွက် ကျေနပ်စရာ နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်း၊ လီဗာပူးတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရတဲ့ သွင်းဂိုး ရယူနိုင်မှုအပိုင်းကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပြီး ထရော့ဇတ်နဲ့ မာတင်နယ်လီတို့ကလည်း ဂိုးတွေ ကိုယ်စီ ရယူခဲ့ကြတာဖြစ်ပါတယ်။

ဂါဘရီရယ်ရဲ့ သွင်းဂိုးဟာ ပဲလေစ့် ခံစစ်မှူး ခရစ်ရစ်ချက်ရဲ့ နောက်ကနေ တွန်းပြီး ခေါင်းတိုက်ခဲ့တာပါ။ VAR က အဆိုပါဖြစ်ရပ်ကို ဂိုးပေးဖို့ ပြဿနာ မရှိခဲ့ပေမယ့် နဗီးကတော့ အာဆင်နယ် ပရိသတ်တွေ စောဒက တက်ခဲ့ကြတဲ့ နယူးကာဆယ်ပွဲဖြစ်ရပ်နဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီနဗီးကပဲ ‘ အာဆင်နယ်ပရိသတ်တွေက ဒါမျိုးဆိုရင် foul လို့ ထင်နေကြတာပါ ’ လို့ အတိတ်က နယူးကာဆယ်ပွဲမှာ အာဆင်နယ်ပရိသတ်တွေ စောဒက တက်ခဲ့ကြမှုအား X လူမှုကွန်ယက်ကနေ လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အခြေအနေချင်း မတူကြောင်းကို တုန့်ပြန်ခဲ့ကြပြီး နယူးကာဆယ်ပွဲတုန်းက ဖြစ်ရပ်ဟာ ရှင်းရှင်းလင်းလင်း ရှိတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။