ဂျူဗင်တပ် တာဝန်ရှိသူတွေဟာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောဖို့ အင်္ဂလန်ကို ရောက်လာခဲ့ပြီဖြစ်ပြီး လန်ဒန်မှာတွေ့ဆုံကာ ညိနှိုင်းမှုတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။

မန်ယူဟာ လာမယ့်နှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် ကိုခေါ်ယူသွားဖို့ ကြိုးစားနေပေမယ့် အဆိုပါ ခေါ်ယူမှုက ပေါ့ဘာနဲ့ သက်ဆိုင်ခြင်း မရှိပဲ ပြင်သစ်သား ဆက်ရှိသည်ဖြစ်စေ၊ ထွက်ခွာသည်ဖြစ်စေ ခေါ်ယူနိုင်ခွင့်အတွက် ကြိုးစားမယ်လို့ သိရပါတယ်။

ဒီဂီယာ ထွက်ခွာခဲ့ရင် စပိန်သားနေရာမှာ အစားထိုးနိုင်ဖို့ မန်ယူရဲ့ ပစ်မှတ်ထဲမှာ ဘာစီလိုနာဂိုးသမား စီလက်ဆန် ပါဝင်ပေမယ့် အသက် ၃၀ အရွယ် ဂိုးသမားအတွက် ဘာစီလိုနာသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို မန်ယူက သဘောမကျဘူးလို့ သိရပါတယ်။

မန်ယူဟာ အကယ်ဒမီ လူကယ်လေးဖြစ်တဲ့ အာကိုလာနီကို သက်တမ်းတိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အီတလီကလပ်အသင်းတွေက ခေါ်ယူလိုနေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ခံစစ်မှူးကို ကာလတို စာချုပ်တစ်ခု ပေးပို့နိုင်ဖို့ မန်ယူဘက်က စီစဉ်နေတာဖြစ်ပါတယ်။

လက်ရှိ ဝေးလ် လက်ရွေးအသင်းရဲ့နည်းပြချုပ် အဖြစ် တာဝန်ယူနေတဲ့ ဂန္တဝင်ကြီး ရိုင်ယန်ဂစ်က မန်နေဂျာဆိုးရှားရဲ့ ပထမဆုံး လက်မှတ်ထိုးမှုဖြစ်လာသူ ဂျိမ်းဟာ လျင်မြန်မှု၊ နေရာမျိုးစုံမှာ ကစားနိုင်မှုနဲ့ ဘယ်ခြေရော ညာခြေပါ သန်မာမှုဆိုတဲ့ အားသာချက်သုံးမျိုးကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ ထောက်ခံပေးပါတယ်။

အင်တာမီလန်အသင်းမှ စိတ်ဝင်စားနေသော တိုက်စစ်မှူး လူကာကူအတွက် မန်ယူဘက်က ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း ဈေးသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ရီးရဲမက်ဒရစ် နောက်ခံလူ ရာမို့စ်ထက် မိနစ်ပိုပြီး ကစားခဲ့ပေမယ့် သွင်းဂိုး လျော့နည်းမှုကို နှိုင်းယှဉ်ပြခံနေရပါတယ်။

မန်ယူဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ကစားသမားအတွက် တောင်းဆိုခံထားရတဲ့ ပေါင် သန်း ၈၀-၉၀ ဆိုတဲ့ ပမာဏနဲ့ဆိုရင် ကမ်းလှမ်းမှုတွေ လုပ်သွားမှာ မဟုတ်ပါဘူး။