ရီယို ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်တို့ Omar Berrada ကို ကလပ်ရဲ့ စီအီးအိုအဖြစ် ခန့်အပ်နိုင်ခြင်းဟာ ‘ဇန်နဝါရီအတွင်း အကောင်းဆုံး လက်မှတ်ထိုးမှု’ လို့ ကြွေးကြော်လိုက်ပါတယ်။
ယူနိုက်တက်ကို ၂၅% ပိုင်ဆိုင်လာတဲ့ ဆာဂျင်ရက်ကလစ်ဟာ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုအဖြစ် မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ ဝန်ထမ်းတစ်ဦးဖြစ်သူ Omar Berrada ကို ယူနိုက်တက်ထံ ပြောင်းလာဖို့ သွေးဆောင်နိုင်ခဲ့ပါတယ်။
စပိန်သားဟာ ၂၀၁၁ ခုနှစ်တည်းက စီးတီးရဲ့ အကြီးအကဲ တစ်ဦးအဖြစ် ပါဝင်နေသူဖြစ်ကာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်ဖို့ ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဆာဂျင်ရက်ကလစ်ရဲ့ ယူနိုက်တက် ခေတ်သစ်အတွင်း အိုးထရတ်ဖိုဒ့်ရဲ့ ဦးဆောင်သူ တစ်ဦး ဖြစ်လာပါတော့မယ်။ ရီယို ဖာဒီနန်ကတော့ Berrarda ရောက်လာခြင်းကို ဇန်နဝါရီမှာ ကစားသမားသစ် တစ်ဦးအား လက်မှတ်ထိုးနိုင်ခြင်းထက် ပိုလို့ ပျော်ရွှင်နေပါတယ်။
‘ မန်စီးတီးက အချို့သူတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ Berrarda ကို ယူနိုက်တက်တို့ ရသွားတာ သူတို့ မယုံနိုင်ဖြစ်နေကြပါတယ်။
မန်စီးတီးဘက်ကတော့ Berrarda ဟာ မတူညီတဲ့အဆင့်တွေ ရောက်အောင်လို့ အများကြီး စွမ်းဆောင်ပေးခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့သူလို့ ထင်မြင်ကြတယ်။ သူ့ကို လက်မှတ်ထိုးလိုက်နိုင်တာ ကျနော်တို့အတွက် သိပ်ကောင်းပါတယ်။
ဒါက ဇန်နဝါရီအတွက် ကျနော်တို့ရဲ့ အကောင်းဆုံး ခေါ်ယူမှုတောင် ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိလို ကလပ် ရုန်းကန်နေရချိန်မှာပေါ့ ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဟာ ကွင်းတွင်း အောင်မြင်မှုအတွက် ကစားသမားကောင်းတွေ ခေါ်ယူဖို့နဲ့ အနာဂတ် ပလန်တွေ ဆွဲဖို့ရာမှာ ဒါရိုက်တာ အဖွဲ့ဝင်တွေ ရှိထားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းတွင်းထက် ကွင်းပြင်ပက ဖွဲ့စည်းပုံကို ပြန်ပြီး ပြုပြင်နေပြီပဲ ဖြစ်ပါတယ်။