အိုးထရတ်ဖိုဒ့်ကို ဆာဂျင်ရက်ကလစ် ဝင်ရောက်လာပြီးတဲ့နောက် ယူနိုက်တက်မှာ အပြောင်းအလဲတွေ စတင်နေပြီဖြစ်ကာ ကြီးမားတဲ့ လူစာရင်း ရှင်းထုတ်မှုတွေ စတင်လာတော့မယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်ဟာ ခေတ်သစ်တစ်ခုထံ ဦးတည်နေပြီဖြစ်ကာ ဆာဂျင်ရက်ကလစ်တို့က ပရိသတ်ကြိုက် အပြောင်းအရွှေ့ထံ ဝင်ရောက်ရေးထက် ပိုအရေးကြီးတဲ့ ကိစ္စတွေကို ဦးစားပေးနေပါတယ်။

ဒီလတွေအတွင်း ကလပ်ရဲ့ စီအီးအိုသစ် အပါအဝင် ဖြည့်တင်းရမယ့် ဒါရိုက်တာ ရာထူးတွေကို ဦးစားပေးနေပေမယ့် နွေအပြောင်းအရွှေ့အတွက် ပလန်တွေကိုလည်း ကြိုတင် စီစဉ်နေပါပြီ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပေါင် ၁၅၈.၅ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ အန်တိုနီတို့ကို ရောင်းချပေးမှာဖြစ်ကြောင်း ဆော်ဒီကလပ်တွေနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ လိုက်လံ ချိတ်ဆက်နေတယ်။ သူတို့ နှစ်ဦးအတွက် တစ်ဦးကို ပေါင် သန်း ၅၀ ပြန်ရဖို့လည်း မျှော်လင့်နေပါတယ်။

ဒါတင် မကဘဲ ယူနိုက်တက်ဟာ ပေါင် ၁၁၂ သန်းလောက် ကျသင့်ထားတဲ့ ရီးရဲလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ကာဆီမီရိုနဲ့ ဗာရန်းတို့ကိုလည်း ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။

စာချုပ် အခြေအနေတွေအရ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး မရနိုင်ပေမယ့် ကာဆီမီရိုအတွက်တော့ စျေးတစ်ရပ် သတ်မှတ်ပေးကာ ဆော်ဒီလိဂ်ထံပဲ ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။

ဒီကိစ္စတွေကို ယူနိုက်တက်ရဲ့ ဘောလုံးဒါရိုက်တာ John Murtough က လက်တလော တာဝန်ယူထားကာ ဆော်ဒီ အားကစားရေးရာ ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။