လီဗာပူးအသင်းဟာ ကာရာဘောင်း ဆီမီးဖိုင်နယ် နှစ်ကျော့ပေါင်း ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ဖိုင်နယ်ထံ တက်ရောက်သွားပြီဖြစ်ကာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ပါမယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ကာ ချယ်ဆီးနည်းပြ ပိုချက်တီနိုက ဘယ်အသင်းကိုမဆို အနိုင်ယူပြမယ်လို့ ကြွေးကြော်ထားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်နိုင်တဲ့ ၂ သင်းထဲက ပိုအားကောင်းတဲ့ အသင်းကို ရင်ဆိုင်ရမှာမို့ ချယ်ဆီးအတွက် လွယ်ကူတဲ့ပွဲ ဖြစ်လာဖွယ် မရှိပါဘူး။

ဖိုင်နယ်ထံ တက်ရောက်အပြီးမှာ ကလော့ပ်ကပဲ ” အဝတ်လဲခန်း အခြေအနေကို မင်းတို့ မြင်သင့်တယ်။ အထူးသဖြင့် လူငယ်လေးတွေပေါ့။ အကုန်လုံးက အရမ်းကို ပျော်နေကြတယ်။ ဝင်ဘာလေတော့ အနီနဲ့ အပြာရောင်တွေ လွှမ်းနေတော့မှာပဲ ဒါ သိပ်ကောင်းပါတယ် ” လို့ ပြောဆိုခဲ့တယ်။

BBC Radio 5 Live ကနေ ကလော့ပ်ကပဲ ဖိုင်နယ်မှာ ချယ်ဆီးနဲ့တွေ့ရမှာကို သူတို့လည်း စောင့်မျှော်နေတယ်လို့ မက်ဆေ့စကား ပေးပို့ခဲ့ပါသေးတယ်။

” မိနစ် ၉၀ အပြီးမှာ ကွင်းမြက်ခင်းပေါ်ကနေ ကျနော်တို့ ထွက်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ ဖိုင်နယ်ထံ ရောက်ခဲ့ပါတယ်။ ဝင်ဘာလေကပွဲကို ကျနော်တို့လည်း အရမ်းကို စောင့်မျှော်နေမိပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာရာဘောင်း ဖိုင်နယ်ရောက် နှစ်သင်းလုံးဟာ ဒီအပတ်အကုန်မှာ အက်ဖ်အေဖလားပွဲတွေ ယှဉ်ပြိုင်ကစားရမှာပါ။ မကြာခင်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးမှာ အရင်ဆုံး ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။