လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်ကတော့ လက်ရှိ ၂၀၂၃-၂၄ ဘောလုံးရာသီ အကုန်မှာ လက်ရှိ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်တော့မှာ ဖြစ်ကြောင်း ဒီညနေမှာပဲ တရားဝင် အသိပေး ကြေညာလိုက်ပါတယ်။
ကလော့ပ်ဘက်က သူ နှုတ်ထွက်လိုတဲ့ အကြောင်းကိုလည်း လီဗာပူး အသင်း ပိုင်ရှင်တွေနဲ့ အကြီးအကဲတွေထံ အကြောင်းကြားပြီးပြီ လို့ ဆိုပါတယ်။ ကလော့ပ်နဲ့ အတူ ပက်လင်ဒါးစ် အပါအဝင် နည်းပြ အဖွဲ့ဝင်တွေ အားလုံးပါ ထွက်ခွာသွားမှာပါ။
” ဒီကိစ္စက လူတော်တော်များများကို ကြားကြားချင်း အတော် ရှော့ခ် ဖြစ်သွားစေမယ် ဆိုတာ ကျွန်တော် နားလည် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလို ဆုံးဖြတ်သွားဖြစ်သလဲ ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။
ကျွန်တော့်ဘက်ကတော့ ဒီကလပ်အသင်းနဲ့ ပတ်သတ်တဲ့ အရာရာ အားလုံးကို ချစ်မြတ်နိုးပါတယ်။ ဒီမြို့နဲ့ ဒီ ပရိသတ်တွေကို ကျွန်တော် ချစ်တယ်။ အသင်းကိုရော ဝန်ထမ်းတွေကိုပါ ချစ်တယ်၊ အားလုံးပါပဲ။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က ချကို ချသင့်တဲ့ အချိန် ရောက်ပြီ လို့ ကျွန်တော် ခံစားမိတယ်။
ဒါကြောင့် ဒီလို ဆုံးဖြတ်ဖြစ်သွားတာပါ။ ဘယ်လို ပြောရမလဲ.. ကျွန်တော့်မှာ လုပ်နိုင်စွမ်း ကိုင်နိုင်စွမ်း ခွန်အားတွေ ကုန်ခမ်းသွားပြီပေါ့။ အခုနေမှာ ကျွန်တော် ဘာပြသနာမှ မရှိပါဘူး။ ဒါပေမယ့် ရေရှည်ဆို ကိစ္စ ရှိလာနိုင်တယ်။ ဒီ အလုပ်ကို ထပ်ခါ ထပ်ခါ၊ ဖန်တလဲလဲ ကျွန်တော် မလုပ်နိုင်တော့ဘူး ဆိုတာ ကျွန်တော် သိတယ်။
ကျွန်တော်တို့ အတူတကွ ရှိခဲ့ကြတဲ့ နှစ်တွေ အပြီးမှာ၊ အတူတူ လုပ်ဆောင်ခဲ့ကြ ဖြတ်သန်းကြတဲ့ ကာလတွေ အပြီးမှာ ခင်ဗျားတို့ အတွက် လေးစားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေက တိုးသည်ထက် တိုးလာခဲ့ပါတယ်။
ဒါကြောင့် အနည်းဆုံး ဘာကြောင့်လဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား အခုလို ကျွန်တော် ပြောပြချင်ခဲ့တာပါ။ ” လို့ ကလော့ပ်က အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကလော့ပ်က ” ဒါပေမယ့် သေချာတာ တစ်ခုက ကျွန်တော် အင်္ဂလန်မှာ တခြား ကလပ် အသင်း တစ်သင်းသင်းကို ဘယ်တော့မှ နည်းပြမှာ မဟုတ်ပါဘူး၊ ၁ဝဝ ရာခိုင်နှုန်း သေချာပါတယ်။ ဒါလုံးဝ မဖြစ်နိုင်တော့ပါဘူး။
ဒီကလပ်အသင်း အပေါ် ထားတဲ့ ကျွန်တော့ ချစ်ခြင်း၊ ပရိသတ်တွေ အပေါ် ထားတဲ့ လေးစားမှုက သိပ်ကြီးမားပါတယ်။ ဒါကြောင့် ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒီအတွက်ကတော့ တစ်စက္ကန့်တောင် စဉ်းစားစရာ မလိုဘူး။ ဘယ် အင်္ဂလန် ကလပ်အသင်းကိုမှ နည်းပြ မလုပ်ဘူး။ ” လို့လည်း ပြောဆိုခဲ့ပါတယ်။