ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ယူနိုက်တက် တောင်ပံသမား အန်တိုနီ ဘောလုံးကစားတာကို ကြည့်နေရတာ ဒေါသထွက်မိကြောင်း ထုတ်ပြောလာပါတယ်။

၂၀၂၂ မှာ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ အေဂျက်ကနေ ပြောင်းလာခဲ့တဲ့ အန်တိုနီဟာ အခုချိန်ထိ တန်ဟက်ရဲ့ အသင်းမှာ အသားမကျသေးပါဘူး။ ကုန်ခဲ့တဲ့ ၈ လအတွင်းမှာ သူဟာ သွင်းဂိုးရဖို့ မပြောနဲ့ ဂိုးထောက်ပံ့မှုတောင် မလုပ်ပေးနိုင် ဖြစ်နေပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးသားကို အချိန်အနည်းငယ် ပေးသင့်သေးပေမယ့် ရာသီကုန်လို့ အကြောင်းမထူးရင် ရှင်းထုတ်လိုက်ဖို့ သရဲနီဟောင်းကြီးက အခုလို အသိပေးလာပါတယ်။

ဘာဘာတော့ဗ်က ‘ အန်တိုနီမှာ အရည်အချင်းရှိပြီး ရံဖန်ရံခါ သူကြိုးစားနေတာကို ကျနော် မြင်ပါတယ်။ သူ ပွဲကစားနေချိန်တိုင်းမှာ ဒေါသတွေထွက်နေပြီး ကိစ္စတွေကို ပိုရှုပ်ထွေးအောင် လုပ်မိနေတယ်။ ဘောလုံး ဆုံးရှုံးချိန်တွေမှာ အရမ်းကို ဒေါသထွက်နေပါတယ်။

ကစားကွင်းထဲမှာ အန်တိုနီကို ဘယ်နေရာ ပြေးရမယ်၊ ဘယ်လို ပြေးရမယ်၊ ဘယ်အချိန် ဘောလုံးပေးရမယ်ဆိုတာ ဦးဆောင်ပေးနိုင်မယ့်သူ လိုနေပါတယ်။ သူ့ဘာသာ အဖြေမရှာနိုင်ရင် နည်းပြကို အကူအညီတောင်းရမယ်၊ သူငယ်ချင်းတွေ၊ အေးဂျင့်တွေကို အကူအညီ တောင်းရပါမယ်။

ညာတောင်ပံသမားတွေ ဘောလုံးကစားနေတာကို ကြည့်ပြီး အတုယူရပါမယ်။ အဲ့တာမှ မတိုးတက်လာရင်တော့ သူ အလုပ်မဖြစ်တော့ပါဘူး။ ပရိသတ် တစ်ယောက်အနေနဲ့ သူကစားနေတာကို ကြည့်နေရတာ သိပ်ကို စိတ်ပျက်မိပါတယ်။

ကစားသမားတွေက မတူညီတာမို့ အန်တိုနီကို အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်လိုပါဘူး။ အဆင်မပြေဘူးဆိုရင် အန်တိုနီ အသင်းပြောင်းသင့်ပါတယ်။ သူ့အမှားကို ပြင်ဆင်နိုင်ရင် အသင်းအတွက် အဆင်ပြေမယ် မဟုတ်ရင်တော့ အခြားကိုပဲ ထွက်သွားလိုက်ပါတော့ ’ လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။