လီဗာပူးအသင်းဟာ ကလော့ပ်နေရာ ဆက်ခံသူ ရှာဖွေရေးကို နိုဝင်ဘာလထဲက စောင့်ကြည့် အကဲဖြတ်မှု ပြုလုပ်နေပြီး မကြာခင်မှာတော့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။

သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ လီဗာပူးကနေ ထွက်တော့မယ်လို့ ကလော့ပ်က အတည်ပြုခဲ့ပြီး ရာသီကုန်ထိတော့ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ်နေရာ အစားထိုးရေးဟာ လီဗာပူးရဲ့ အရေးကြီးကိစ္စ ဖြစ်လာပါတယ်။

လီဗာပူးအသင်းရဲ့ သုတေသနဌာန ဒါရိုက်တာဟာ ကလော့ပ်နေရာ ဘယ်သူနဲ့ အစားထိုးမလဲ တာဝန်ကို အဓိက ယူထားပါတယ်။ သူဟာ ဥရောပလိဂ်တွေအတွင်း မန်နေဂျာတွေထဲကနေ လီဗာပူးနဲ့ ကိုက်ညီမယ့်သူကို ရှာဖွေနေပါတယ်။

လေဗာကူဆင်နည်းပြ အလွန်ဆိုက ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီ၊ စပါးနည်းပြ ပိုစတီကိုဂလူနဲ့ ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်တို့ကိုလည်း လီဗာပူးက သဘောကျနေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်နေဂျာသစ် မတိုင်ခင် အားကစားဒါရိုက်တာသစ်ကို အရင်ဆုံး ခန့်အပ်မယ်လို့လည်း သိရပါတယ်။