ဇာဗီဟာ ရာသီကုန်မှာ ဘာစီလိုနာ နည်းပြရာထူးကနေ နှုတ်ထွက်မယ်လို့ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ၅-၃ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မီဒီယာတွေ့ဆုံမှုမှာ ဇာဗီက သူရာထူးကနေ နှုတ်ထွက်တော့မယ့် သတင်းကို ကြေညာခဲ့တာပါ။
ဇာဗီက ‘ ကလပ် ဥက္ကဋ္ဌနဲ့ စကားပြောအပြီး အသင်းက အပြောင်းအလဲကြီး ပြုလုပ်ဖို့ လိုအပ်လာတယ် ထင်ပါတယ်။ အသင်းအတွက် အကောင်းဆုံး စဉ်းစားပေးမိတာကတော့ ဇွန်လ ၃၀ ရက်နေ့မှာ အသင်းကနေ ထွက်ခွာသွားဖို့ပါ။
ဒီလတွေအတွင်း ကျနော် အကောင်းဆုံး ဆက်ကြိုးစားပေးမှာပါ။ ကျနော်တို့ ဘောလုံးရာသီကောင်း တစ်ခုကို ပိုင်ဆိုင်ပြီး အသင်းကို အပြောင်းအလဲတွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ’ လို့ ပြောပါတယ်။
သူ့မတိုင်ခင် ရက်ပိုင်းတုန်းကပဲ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း မန်နေဂျာ ကလော့ပ်ကလည်း ရာထူးကနေ နှုတ်ထွက်မယ် ကြေညာထားပါတယ်။ ဒါကြောင့် ကလပ်နှစ်သင်းဟာ မန်နေဂျာသစ်ကို အပြိုင် ရှာဖွေကြဖွယ် ရှိပါတယ်။
လီဗာပူးအသင်းက ဇာဗီ အလွန်ဆို၊ ဒီဇာဘီတို့ကို မန်နေဂျာသစ် နေရာအတွက် ချိန်ရွယ်နေပြီး ဘာစီလိုနာကလည်း ဒီဇာဘီကို ကလပ်ရဲ့ နောက်ထပ် မန်နေဂျာအဖြစ် အဓိက ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။