အာဆင်နယ်ဟာ မနှစ် ဘောလုံးရာသီတည်းက စိတ်ဝင်စားခဲ့ရတဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူရေး အားထုတ်မှုတွေ ရှိနေပါတယ်။

ရီးရဲလ်ဆိုစီဒက်မှာ စွမ်းရည်ကောင်းတွေ ပြသနေတဲ့ ဇူဘီမန်ဒီဟာ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်နေတာပါ။ မနှစ်က ထိပ်ဆုံး ၄ သင်းထဲ ဝင်ခဲ့တာကြောင့် ဒီရာသီမှာ ဆိုစီဒက်တို့ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့် ရထားပါတယ်။

နွေတုန်းက ဇူဘီမန်ဒီ လာလီဂါကလပ်ကနေ မထွက်ခွာခြင်းဟာ ချန်ပီယံလိဂ်မှာ အတူ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ရာသီကုန်မှာတော့ သူ့ကစားသမား နောက်အဆင့်အတွက် ရွေးချယ်မှုတွေ ပြုလုပ်တော့မှာပါ။

အာဆင်နယ်အသင်းက ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ နောက်ကွယ်က လှုပ်ရှားနေတာဖြစ်ကာ Bild ရဲ့ အဆိုအရ အာတီတာက ကစားသမားနဲ့ တွေ့ဆုံ စကားပြောမှုပါ ပြုလုပ်ထားပါပြီ။

အာဆင်နယ်မှာ အာတီတာ ဖော်ဆောင်နေတဲ့ တက်ကြွတဲ့ ပုံစံတွေကို ဇူဘီမန်ဒီကလည်း နှစ်သက် သဘောကျမှု ရှိနေတယ်လို့လည်း သိရပါတယ်။ အချို့ သတင်းတွေကဆိုရင် ဇူဘီမန်ဒီကို နွေမှာ ခေါ်ယူနိုင်ရေးအတွက် အကြိုသဘောတူညီမှု ရဖို့တောင် နီးစပ်နေပြီလို့ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ် စပိန်သားဟာ ကွင်းလယ် ခံစစ်နေရာ အဓိက ကစားသူဖြစ်ကာ သူ့ကို ခေါ်ယူဖို့ဆိုရင် စျေးချိုမှာတော့ မဟုတ်ပါဘူး။