ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံး အန်ဖီးကွင်း ပွဲစဉ်ထဲက ပေါင် ၆၀ တန် လက်မှတ်ဟာ မယုံနိုင်စရာ ပမာဏနဲ့ အရောင်းအဝယ် လုပ်နေကြပြီ ဖြစ်ပါတယ်။

သောကြာနေ့မှာပဲ ကလော့ပ်ဟာ ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာပါ။ လီဗာပူးအသင်းကို ကိုင်တွယ်မယ့် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ကတော့ ဝုဗ်ကို အန်ဖီးကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာပါမယ်။

ယူရိုပါလိဂ် ဖိုင်နယ်ထံ တက်ရောက်နိုင်မယ်ဆိုရင် နောက်ထပ် ၁ ပွဲ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ဝုဗ်ပွဲမှာတော့ လီဗာပူးမြို့က ပရိသတ်တွေဟာ အသင်းမှာ ၉ နှစ်ကျော်ကြာ ရှိနေတဲ့ ကလော့ပ်ကို နောက်ဆုံး နှုတ်ဆက်မှု လုပ်ပေးကြမှာ ဖြစ်ပါတယ်။

ဗြိတိန်သတင်းဌာန ဒေးလီးမေလ်းရဲ့ ဖော်ပြချက်အရ အန်ဖီးကွင်း Main Stand က ထိုင်ခုံလက်မှတ်ဟာ အခွန်အခတွေ အပြီးဆိုရင် ပေါင် ၂၄၄၈၀ ထိ ရောက်သွားမယ် အရောင်းအဝယ်တွေ စတင် ရှိနေပြီလို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ ပုံမှန်အားဖြင့် အဆိုပါ လက်မှတ်တွေကို ပေါင် ၆၀ ဖြင့် ရောင်းချတာမို့ အဆပေါင်း ၄၀၈ ဆ စျေးတက်သွားတာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ နောက်ဆုံးပွဲမှာ သူနဲ့ အနီးဆုံး ရှိခွင့်ရဖို့ လီဗာပူးပရိသတ်တွေက စိတ်အားထက်သန်နေကြဆဲပါ။

အဆိုပါပွဲမှာပဲ စျေးအပေါဆုံး အိမ်ကွင်းလက်မှတ်ကတောင် ပေါင် ၂၀၀၀ ကို ကျော်လွန်လာနေပြီ ဖြစ်ပါတယ်။ ဒါဟာ အခွန်တွေနဲ့ ဘွတ်ကင်ကြေးတွေ မပါသေးပါဘူး။

ဝုဗ်ပွဲဟာ ကလော့ပ်ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲတင် မကဘဲ ဒီရာသီ ပရီးမီးယားလိဂ်ကို ၅ မှတ် ဖြတ်ထားတဲ့ လီဗာပူးအသင်း ဆုဖလား ကိုင်မြှောက်နိုင်မယ့် ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးဘောလုံးအသင်းအတွက် သမိုင်းဝင် အရေးကြီး ပွဲစဉ်တစ်ခု ဖြစ်လာနိုင်တဲ့ အနေအထားမှာ လက်မှတ်ခတွေက အခုလို ပိုတက်လာနေတာပဲ ဖြစ်ပါတယ်။