နည်းပြယာဂင်ကလော့ပ်ဟာ ဒီရာသီအကုန်မှာ လီဗာပူးအသင်း နည်းပြရာထူးကနေ နှုတ်ထွက်မယ်လို့ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ကြေညာမှု မတိုင်ခင် လွန်ခဲ့တဲ့ ၁၂ လလောက်တည်းက ကလော့ပ်ဟာ လီဗာပူးကနေ နှုတ်ထွက်ဖို့ စဉ်းစားခဲ့တာလို့ သိရပါတယ်။ မနှစ်ကရာသီ လီဗာပူးအသင်း ရလဒ်တွေ အတော်လေး ဆိုးရွားခဲ့တာကြောင့် အဆိုပါ ကျရှုံးနေမှုကို တာဝန်ယူဖို့ ကလော့ပ်က စီစဉ်ခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ကလော့ပ်လက်ထက် အဆိုးရွားဆုံး လိဂ်အဆင့်ရပ်တည်မှုမျိုးထိ ကျဆင်းခဲ့ရတယ်။

The Times ရဲ့ ဖော်ပြချက်အရ ကလော့ပ်ရဲ့ ဇနီးဖြစ်သူ Ulla က ကောင်းသော လမ်းခွဲခြင်းကိုပဲ ဖြစ်စေလိုတာကြောင့် ရာသီဝက်မှာ နှစ်ဦးနှစ်ဘက် မျက်နှာနာရမယ့် ရာထူးကနေ နှုတ်ထွက်ခြင်း မလုပ်ဘဲ ရာသီကုန်ထိ ဆက်နေကာ လီဗာပူးကို ပြန်စုစည်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ သူ့ကြားက ဆက်ဆံရေးအတွက် ကလော့ပ်ဟာ မာဆေးဆိုဒ် ကလပ်ကို ရာသီကုန်ထိ ဆက်လက် ကိုင်တွယ်ခဲ့တယ်။ လက်ကျန် ဘောလုံးရာသီမှာတော့ ယူနိုက်တက်ကို ၇-၀ ဖြင့် အနိုင်ရခြင်းနဲ့ ထရန့်ကို ကွင်းလယ် ဝင်ကစားစေတဲ့ နည်းစနစ် အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။

နွေမှာ ကလပ် လူစာရင်းကို ပြန်စုစည်းပေးခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ ဘောလုံးရာသီကုန်ရင် ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း လီဗာပူး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ လီဗာပူးအသင်း ပြန်လည် တည့်မတ်လာမှုနဲ့ သွေးသစ်လောင်းထားမှုတွေဟာ နောက်ထပ် မန်နေဂျာအတွက် အဆင်ပြေစေပါလိမ့်မယ်လို့ သူ့ရဲ့ ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ်က ထည့်ပြောသွားခဲ့ပါသေးတယ်။