ယူနိုက်တက်ရဲ့ ဂုရုသစ်ဖြစ်လာတဲ့ ဘာရန်ဒါက အပြောင်းအရွှေ့မှာ သူ လုံးဝ မလုပ်မယ့် ကိစ္စကို ထုတ်ပြောမှု လုပ်ထားပြီးပါပြီ။

ဒေါ့မွန်ကနေ ဟာလန်းကို ပေါင် ၅၁.၂ သန်းဖြင့် ခေါ်ယူရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ ဘာရန်ဒါဟာ ဒီလထဲမှာပဲ ယူနိုက်တက်ရဲ့ စီအီးအိုနေရာ တာဝန်ယူမယ့်သူလို့ သိလာရတာပါ။ သူဟာ ရာသီကုန်မှ ယူနိုက်တက် အကြီးအကဲ တာဝန်ကို စယူပါမယ်။

ဘာရန်ဒါဟာ ကစားသမားတွေကို စျေးကြီးပေး မခေါ်ပေမယ့် ရောင်းချရာမှာတော့ စျေးကောင်းရအောင် ကြိုးစားနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့အပေါ် တွေးမြင်မှုဟာ သရဲနီပရိသတ်တွေအတွက်တော့ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။

ရိုမန်နိုနဲ့ အင်တာဗျူးမှာ ဘာရန်ဒါကပဲ ” ပြောင်းရွှေ့ကြေး၊ လုပ်ခနဲ့ ကော်မရှင်ခတွေ ဘာကြောင်းပေးရတယ် ဆိုတာအတွက် ခိုင်လုံတဲ့ အကြောင်းရင်းခံ လိုအပ်ပါတယ်။

တစ်ခုခုကို ပိုပေးလိုက်တာနဲ့ မင်း ရှုံးတာပါပဲ။ ဒါက နောက်ထပ် ကိစ္စတွေမှာ မင်းကို ခက်ခဲတဲ့ အခြေအနေမျိုး ရောက်သွားစေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုနဲ့ အန်တိုနီတို့ကို သူတို့ရဲ့ တန်ကြေးထက် ပိုပေး ခေါ်ယူခဲ့တာမျိုး ဘာရန်ဒါ လက်ထက်မှာတော့ မြင်လာရဖွယ် မရှိပါဘူး။

ဘာရန်ဒါဟာ ယူနိုက်တက်တို့ မကြာခဏ ရင်ဆိုင်နေရတဲ့ အပြောင်းအရွှေ့မှာ စျေးကြီး တောင်းဆိုခံရမှုကို ရပ်တန့်နိုင်အောင်နဲ့ လုပ်ခပိုင်း မြင့်မားစွာ တောင်းဆိုခံရခြင်းကို ဖြေရှင်းနိုင်အောင် ဦးဆောင်ပေးမှာ ဖြစ်ပါတယ်။