မန်စီးတီးအသင်းဟာ ဒီရာသီ လာလီဂါဖလားကို ဂျီရိုနာအသင်း အောင်မြင်ခဲ့မယ် ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာကနေ ဖယ်ထုတ်ခံရနိုင်တယ်လို့ နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတွေဟာ ဒီရာသီမှာ ဆုဖလား အောင်မြင်နိုင်ဆဲ ဆိုပေမယ့် ဇယားထိပ်က လီဗာပူးနောက် ၅ မှတ်အကွာမှာ ရှိနေတာပါ။ ဒါပေမယ့်လို့ ၎င်းတို့ရဲ့ မိတ်ဖက်ကလပ် ဂျီရိုနာကတော့ လာလီဂါကို ဦးဆောင်နေပါတယ်။

ယူအီးအက်ဖ်အေ စည်းမျဉ်းအရ multi-model ပိုင်ရှင်တွေရဲ့ ကလပ်တွေထဲမှာ ရပ်တည်မှု အမြင့်ဆုံးသော တစ်သင်းတည်းသော ကလပ်ကပဲ ပိုမြင့်တဲ့ ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရမယ်ဆိုတဲ့ စည်းမျဉ်း ရှိထားပါတယ်။

ဒါကြောင့် ဂျီရိုနာတို့ လာလီဂါချန်ပီယံဖြစ်ပြီး မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဂျီရိုနာပဲ ရလိမ့်မယ်လို့ ESPN က ဖော်ပြလာခဲ့တယ်။

နှစ်သင်းလုံး ချန်ပီယံ ဒါမှမဟုတ် ဒုတိယနေရာမှာ ရှိနေရင်တော့ club coefficient နဲ့ ဝင်ခွင့်ကြည့်မှာဖြစ်ကာ မန်စီးတီးက အရေးသာသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးကော ဂျီရိုနာပါ ကလပ် ၁၃ သင်းဖြင့် စုဖွဲ့ထားတဲ့ စီးတီးဘောလုံးအဖွဲ့ (CFG) လက်အောက်က ကလပ်တွေဖြစ်ကြပါတယ်။

CFG ဟာ ဂျီရိုနာအသင်းရဲ့ ရှယ်ယာ ၄၇% ထိကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ဂျီရိုနာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပီရီ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ညီကို တော်စပ်ပြီး ကလပ်ရှယ်ယာ ၁၆% ထိကို ပိုင်ဆိုင်ထားပါတယ်။