ဒါဝင် နူးညက်စ်ဟာ လီဗာပူး ၄-၁ ချယ်ဆီးပွဲမှာ တိုင် ၄ ကြိမ်ထိတိုင် ထိခဲ့ခြင်းကြောင့် တစ်ပွဲတည်းဖြင့် တိုင်ထိမှု အများဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ပွဲကောင်းကစားခဲ့ပြီး ဂျိုတာ၊ ဘရတ်ဒလေ၊ ဆိုဘိုစလိုင်း၊ ဒီယက်စ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ချယ်ဆီးအသင်းကို သက်သက်သာသာ အနိုင်ယူခဲ့တာပါ။
အကယ်လို့ ဒါဝင် နူးညက်စ်ရဲ့ ကန်ချက် တစ်ကြိမ်ကြိမ်လောက်က တိုင်နဲ့ ဘားတန်းတွေကို မထိဘဲ ဂိုး ဖြစ်ခဲ့မယ်ဆိုရင် လီဗာပူးအတွက် ပိုလွယ်ကူတဲ့ပွဲ ဖြစ်ခဲ့နိုင်ပါတယ်။ ဒါဝင်ရဲ့ ၁၂ ကိုက် အကွာက ပထမဆုံး ခြိမ်းခြောက်မှုတည်းက ဂိုးဘားတန်း ထိခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဧရိယာထဲ ဘယ်ခြမ်းကနေ ကန်သွင်းမှု တစ်ကြိမ် ချယ်ဆီးဂိုးသမား ပုပ်ထုတ်ရာက တိုင်ထိခဲ့တယ်။ ပထမပိုင်း ပြီးခါနီး ရလာတဲ့ ပင်နယ်တီကိုလည်း ကန်သွင်းရာမှာ တူညီတဲ့ တိုင်ပဲ ထပ်ထိခဲ့သလို ဒုတိယပိုင်း အပိုင် ပြေးဝင် ခေါင်းတိုက်ရာမှာ ဘားတန်းထိခဲ့ပါတယ်။
ဒါဝင် နူးညက်စ်ဟာ Opta ကနေ ပရီးမီးယားလိဂ် မှတ်တမ်း စတင် ရယူတဲ့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီကစပြီး တစ်ပွဲတည်း တိုင် ၄ ကြိမ် ထိခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို သူဟာ တစ်ရာသီအတွင်း တိုင်ထိ အများဆုံးအဖြစ်လည်း စံချိန်တင်ထားတာ ဖြစ်ပါတယ်။