မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ရင် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိနေပါတယ်။
ကလပ်ရဲ့ ရှယ်ယာရှင်သစ်တွေဟာ ယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေရှင်းတွေကို အကဲဖြတ်မှုတွေ လုပ်နေကြချိန်မှာ ကွင်းတွင်း အခြေအနေ တည်ငြိမ်နေဖို့ နည်းပြတန်ဟက်ကို ရာသီကုန်ထိ အိုးထရတ်ဖိုဒ့်မှာ ဆက်ထိန်းထားဦးမှာပါ။
ဒါပေမယ့်လို့ လီဗာပူး၊ ဘာစီလိုနာတို့ နည်းပြသစ် ရှာဖွေနေပြီမို့ ယူနိုက်တက်ကလည်း နောက်ကောက်မကျလိုပါဘူး။ ၎င်းတို့ ကလပ် ၂ သင်း စိတ်ဝင်စားနေတဲ့ ဒီဇာဘီကို တန်ဟက်နေရာ အစားထိုးဖို့ ယူနိုက်တက်တို့ ချိန်ရွယ်လာတယ်လို့ တယ်လီဂရပ်က ဖော်ပြလာခဲ့တယ်။
ယူနိုက်တက်ဟာ ဒီနွေကျရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲဖွယ်ရှိတဲ့ နည်းပြသောမက်စ် တူချယ်၊ ချယ်ဆီးနည်းပြဟောင်း ပေါ်တာတို့ကိုလည်း တန်ဟက်နေရာ အစားထိုးဖို့ စိတ်ဝင်စားမှု ရှိထားပါတယ်။
တယ်လီဂရပ်ကတော့ “ ဥရောပ ထိပ်တန်းကလပ်တွေရဲ့ မန်နေဂျာ အလုပ်တွေအတွက် နည်းပြတွေ အပြောင်းအရွှေ့ ဖြစ်ကြမယ့် ကြီးမားတဲ့ နွေကာလတစ်ခုထံ ဦးတည်လာနေပြီ ” လို့ ဖော်ပြသွားပါတယ်။