မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာ ၄-၃ နဲ့ အဖိုးတန် နိုင်ပွဲကောင်း ရခဲ့ပါတယ်။

ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ဘဲ ဒုတိယပိုင်းမှာ စိတ်လှုပ်ရှားစရာတွေ အပြည့် ကြုံခဲ့ရတာပါ။ တိုက်စစ်သမားတွေ ကြိုးစားကြတဲ့ ဒီပွဲမှာ ယူနိုက်တက် ပရိသတ်တွေကတော့ ထုံးစံလိုဖြစ်နေတဲ့ အိုနာနာရဲ့ ညံ့ဖျင်းချက်တွေကို ဖော်ထုတ်ဖို့ ဝန်မလေးကြပါဘူး။

ဒီပွဲမှာ အိုနာနာက အမှားတွေ လုပ်ခဲ့ပြီး ကာကွယ်မှုကောင်းတွေ ရှားပါးခဲ့လို့ ယူနိုက်တက်တို့ ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ကံကောင်းစွာပဲ မိုင်နူးက ပွဲချိန် ၉၇ မိနစ်မှာ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ် ဂိုး ကို သွင်းပြီး သရဲနီတို့ အတွက် နိုင်ပွဲ ယူပေးနိုင်ခဲ့ပါတယ်။

ဝုဗ်ပွဲအပြီးမှာ အိုနာနာနဲ့အတူ ယူနိုက်တက်ရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ပေးဂိုး ၅ဝ ပြည့်သွားခဲ့ရတာကြောင့် ပရိသတ်တွေက အိုနာနာကို လှောင်ပြောင်မှု တစ်ခု ပြုလုပ်နေပါတယ်။

မက်ဆီဟာ တစ်ရာသီ သွင်းဂိုး အများဆုံးအဖြစ် ၇၃ ဂိုး သွင်းယူပြီး စံချိန်တင်ထားခဲ့ပါတယ်။ အိုနာနာက ဒါကို ပေးဂိုးတွေဖြင့် စံချိန်ချိုးပြလိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား လက်စွမ်းတွေနဲ့ ဂိုးသမား အိုနာနာဟာ ယူနိုက်တက် ဂိုးပေါက်မှာ ဆက်လက် နေရာရဖို့ ထိုက်တန်ရဲ့လား မေးခွန်းထုတ်မှုတွေလည်း ဆက်လက် ထွက်ပေါ်နေပါတယ်။