မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ဆွမ်ဆီးအသင်းရဲ့ ဒန်နီယယ်ဂျိမ်းကို ခေါ်ယူနိုင်ခဲ့ပါပြီ။

အသင်းဟာ နောက်ထပ်ပစ်မှတ်တွေအဖြစ် ပဲလေစ့်နောက်ခံကစားသမား ဘီဆာကာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို လက်စတာနောက်ခံကစားသမား မက်ဂွိုင်းယားကိုလည်း ချိန်ရွယ်နေပါတယ်။

ပဲလေစ့်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း (၄၀) ကမ်းလှမ်းမှုကိုတော့ ပယ်ချထားခဲ့ပြီး ယူနိုက်တက်က နောက်ထပ် ကမ်းလှမ်းမှုအသစ် ပြုလုပ်တော့မှာပါ။

လက်ရှိမှာ နည်းပြဆိုးရှားရဲ့ အစီအစဉ်တွေဟာ လူငယ်ကစားသမားတွေကို စုစည်းပြီး တောင့်တင်းတဲ့ အသင်းတစ်သင်း တည်ဆောက်လိုနေဟန် တူပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ဗြိတိန် အားကစား ကလောင်ရှင်တွေကတော့ သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောကြားမှုတွေ ရှိလာနေပါပြီ။ အားကစား ကလောင်ရှင်တစ်ဦးဖြစ်တဲ့ Matt Dunn ကတော့

“ ကျွန်တော်တို့ဟာ ယူနိုက်တက်ရဲ့ လစာကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါတယ်။ သူတို့မှာ လိုအပ်နေတဲ့ တခြား တည်ဆောက်ပုံတွေလည်း ရှိနေတာပါ။ သူတို့ဟာ အသင်းရဲ့ နည်းပြရာထူးကို ရလာဒ်အချို့ကို အခြေခံပြီး ကာလတိုလေးသာ ခန့်အပ်ထားပေမယ့် နောက်ခံကစားသမား တစ်ဦးကိုတော့ (၅) နှစ်စာချုပ်နဲ့ ခေါ်ယူချင်နေတာပါ။

နောက်ထပ် နည်းပြတွေ ဘယ်လောက် ထပ်ရောက်လာပြီး ဘယ်သူတွေ ဖြစ်လာမလဲဆိုတာကို ဘယ်သူကသိမှာပါလဲ။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ညာနောက်ခံကစားသမားတစ်ဦး လိုအပ်နေတယ်လို့ ပြောခဲ့ပြီး သူဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ညာနောက်ခံကစားသမားအဖြစ် ကိုင်လေဝေါ်ကာကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိယူနိုက်တက်ကတော့ တတိယ၊ စတုတ္ထ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကိုသာ ခေါ်ယူပြီး အသင်းနဲ့အတူ တိုးတက်လာဖို့ မျှော်လင့်ချက်တွေထားနေပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိ ဗျူဟာနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်တော့ မကွဲပြားပါဘူး။

သူတို့ဟာ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်လိုနေပြီး အဲဒီကစားသမားတွေက လှလှပပကြီး ကူညီနိုင်မယ်လို့ မျှော်လင့်နေတာပါ။ “ လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗြိတိန်အားကစားကလောင်ရှင် တစ်ဦးဖြစ်ပြီး ယူနိုက်တက်ခံစစ်မှူးဟောင်းလည်း ဖြစ်တဲ့ Danny Higginbotham ကလည်း

“ သူတို့ဟာ ဘီဆာကာကို ခေါ်ယူလိုနေပါတယ်။ သူဟာ သူတို့အသင်း လိုအပ်တဲ့ ကစားသမားပုံစံမျိုး ဖြစ်ရဲ့လား? ဟုတ်ပါတယ်။ ဆိုးရှားကတော့ တက်လမ်းရှိတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူလိုနေတာပါ။ ယူနိုက်တက်မှာ အလျင်စလို ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မြင်ခဲ့ကြရပြီးပါပြီ။

ဘီဆာကာဟာ တိုးတက်မှုတွေအပြည့်နဲ့ ကစားသမားပါ။ သူဟာ တကယ့်ကို ထူးလည်း ထူးချွန်တဲ့သူပါပဲ။ ခံစစ်အပိုင်းမှာ တကယ့်ကို မာကျောပြီး ထပ်ပြီးတိုးတက်ဖို့ အချိန်တွေအများကြီး ရနေသေးပါတယ်။ ဒါဟာ ယူနိုက်တက်သွားချင်တဲ့ လမ်းကြောင်းလို့တော့ ကျွန်တော်မြင်ပါတယ်။

စီးတီးတို့ လီဗာပူးတို့ကို ကြည့်ရင် သူတို့တွေဟာလည်း လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူခဲ့ကြတာပါ။ ယူနိုက်တက်ဟာလည်း (၂၈) ဒါမှမဟုတ် (၂၉) နှစ် ကစားသမားတွေကို ခေါ်ယူချင်နေတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ဈေးကွက်တန်ဖိုးဟာ ကျသွားပြီး အသက်အရွယ်ကြီးရင့်ချိန်မှာ နောက်ထပ်အစားထိုးဖို့ ကစားသမား ထပ်ရှာရမှာကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။

ဆိုးရှားဟာ လက်ရှိမှာ ဗြိတိန်လူငယ် ကစားသမားလေးတွေကို ခေါ်ယူနေတာပါ။ ဒါဟာယူနိုက်တက်သွားသင့်တဲ့ လမ်းကြောင်း ဖြစ်ရဲ့လား? ဟုတ်ပါတယ်။ ဒါ ရာနှုန်းပြည့်ကို ဖြစ်သင့်တဲ့ နည်းလမ်းတစ်ခုပါ” လို့ ဝေဖန်သုံးသပ် ပေးသွားခဲ့ပါတယ်။