ချယ်ဆီးအသင်းဟာ ပိုင်ရှင်သစ်တွေလက်ထက် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် ၁ ဘီလျံ ကျော် ထုတ်ထားပေမယ့်လို့ လာမယ့်စျေးကွက်တွေမှာ လူသစ် ခေါ်ယူရေးထက် ကစားသမား ရောင်းချမှုကိုပဲ အာရုံစိုက်ရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ စျေးကွက် ၄ ခုအတွင်း အသုံးစရိတ် ပေါင် ၁ ဘီလျံထိ ရှိထားတဲ့ လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမှုဆိုင်ရာ ကန့်သတ်ချက်အရ ၃ နှစ်အတွင်းမှာ ပေါင် ၁၀၅ သန်းထက် ပိုဆုံးရှုံးခွင့် မရှိထားပါဘူး။

အဆိုပါ စည်းမျဉ်းနဲ့ ညိခဲ့တာကြောင့်ပဲ ၂၀၂၃ ခုနှစ်တုန်းက အဲဗာတန်တို့ ၁၀ မှတ်လျော့ ပြစ်ဒဏ် ကျခံခဲ့ရတာဖြစ်ပါတယ်။ တူညီတဲ့ ပြစ်ဒဏ်မျိုး ရင်ဆိုင်ရခြင်း မရှိဖို့ဆိုရင် ဒီနှစ်ရဲ့ ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင်မှာ ချယ်ဆီးကလည်း ကစားသမား ရောင်းချမှုတွေဖြင့် ငွေကြေး ရှာဖွေဖို့ လိုအပ်ပါတယ်။

လက်တလောထိတော့ ချယ်ဆီးဟာ ပေါင် သန်း ၁၀၀ ဖို့ ကစားသမား ရောင်းချမှု လုပ်ရမယ်လို့ သိထားရပေမယ့် ဒါဟာ အနည်းဆုံး တွက်ဆထားတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

အငှားချထားတဲ့ မေဆန်၊ လူးဝစ်ဟေးနဲ့ လူကာကူတို့ရဲ့ စာချုပ်ပါ အပြီးသတ် ​ဝယ်ယူခွင့်တွေ အသက်ဝင်ကြရင်တော့ ချယ်ဆီးရဲ့ ကနဦး ပြဿနာက ပြေလည်သွားနိုင်ပါတယ်။

နွေမှာ ယူရို ၂၀၂၄ ပြိုင်ပွဲ ရှိနေတာမို့ ချယ်ဆီးအနေနဲ့ ကစားသမား ရောင်းချမှုကို ခပ်မြန်မြန် ပြုလုပ်ပြီး သူတို့ရဲ့ အရှုံးစာရင်းကို ထေမိစေမယ့် ပမာဏမျိုး ရှာဖွေပြရမှာပါ။ မဟုတ်ရင်တော့ များပြားတဲ့ ရမှတ်လျော့ ပြစ်ဒဏ်မျိုးတွေ စောင့်ကြိုနေမှာ ဖြစ်ပါတယ်။