ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ရာသီကုန်ရင် အလွတ်ဖြင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

အမ်ဘာပေက ဒီရာသီအပြီးမှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ပဲရစ်ကလပ်ကို အသိပေးတော့မှာပါ။ သူဟာ လက်တလောထိတော့ ပီအက်စ်ဂျီကိုကော ရီးရဲလ်မက်ဒရစ်ကိုပါ တရားဝင် အကြောင်းကြားရခြင်း မရှိသေးပေမယ့် ဆုံးဖြတ်ချက် ချခဲ့ပြီလို့ ESPN က ဖော်ပြလာခဲ့တယ်။

ပီအက်စ်ဂျီဘက်က အမ်ဘာပေကို စာချုပ်သစ်နဲ့အတူ တစ်နှစ်လုပ်ခ ယူရို ၇၂ သန်းထိ တိုးပေးလိုပေမယ့် ဒီတစ်ကြိမ်တော့ ၂၀၂၂ တုန်းကလို မဟုတ်ဘဲ ကစားသမားက စပိန်လိဂ်ထံ ဦးတည်သွားတော့မှာပါ။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူခဲ့ရင် လုပ်ခပိုင်းမှာတော့ သူတို့ရဲ့ စံနှုန်းကို ဖောက်ဖျက်ပြီး ပိုပေးမှာ မဟုတ်သလို ပုံရိပ် အသုံးပြုခကို ၆၀/၄၀ ခွဲခြမ်းမှာဖြစ်ပါတယ်။ အမ်ဘာပေကို ခေါ်ယူနိုင်ရေး လက်မှတ်ထိုးကြေး အဖြစ် ရီးရဲလ်တို့ ယူရို သန်း ၁၀၀ ထိ ပေးရဖို့ ရှိနေပါတယ်။

ရီးရဲလ်အသင်းဟာ အမ်ဘာပေ၊ ဘယ်လင်ဟမ်၊ ဗင်နီးဆီးယက်စ်တို့နဲ့အတူ သူတို့ရဲ့ Galactico အိမ်မက်ကို ပြန်ပြီး အသက်သွင်းမှာ ဖြစ်ပါတယ်။