ဒီကနေ အမ်းမရိတ်မှာ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ပွဲ အဖြစ် လီဗာပူးကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ အက်ဖ်အေဖလားပွဲ အဖြစ် ပြီးခဲ့တဲ့ကလည်း အမ်းမရိတ်မှာ တွေ့ခဲ့သေးပြီး ထိုစဉ်က လီဗာပူးက ၂-ဝ နဲ့ နိုင်ခဲ့တာပါ။
အက်ဖ်အေဖလားပွဲမှာ လီဗာပူးကို ရှုံးခဲ့ပြီးနောက် အာဆင်နယ်ဟာ ပြိုင်ဘက် ဂိုးဧရိယာ ထဲမှာ အရင်ကထက် ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လာပြီ လို့ အာတီတာက ယုံကြည်မှု ရှိနေပါတယ်။ ဒီအကြောင်းကို ပွဲကြိုမှာ အခုလို ဖွင့်ဟခဲ့ပါတယ်။
” အသင်း စွမ်းဆောင်ရည်ကတော့ အရင်က အတိုင်းလောက်ပဲ။ ကျွန်တော်တို့ ဒူဘိုင်း သွားလိုက်တော့ စိတ်သစ် လူသစ် ပြန်စတဲ့ အခွင့်အရေးတော့ ရှိတာပေါ့။
ကျွန်တော့်တို့ final third ထဲမှာတော့ အသင်းက ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လာတာ သိသာပါတယ်။ ဒါကပဲ ပွဲတွေကို နိုင်စေတာပါ။ ” လို့ အာတီတာက ဆိုပါတယ်။
ဒါ့အပြင် အာတီတာက ” ကျွန်တော်တို့ ဒီရာသီမှာ အသင်းကြီး ပြိုင်ဘက်တွေကို အနိုင်ကန်ထားပါတယ်။ အခုလည်း လီဗာပူးကို အနိုင်ယူနိုင်ဖို့ အခွင့်အရေး ရှိလာပြီ၊ နောက်ပြီး အသင်းက ပိုပြီး ကောင်းတဲ့ အနေအထားမှာ ရှိနေပြီ။
အသင်းက နောက်ဆုံး ကစားထားတဲ့ နှစ်ပွဲ နိုင်ထားပြီ၊ အခု လာမယ့် တတိယပွဲ (လီဗာပူးပွဲ) ကို နိုင်ချင်တယ်။ အထူးသဖြင့် အိမ်ကွင်းမှာ ပရိသတ်တွေ ရှေ့မှောက်မှာပေါ့။ ” လို့ ဆိုကာ လီဗာပူးကို အနိုင်ကန်ဖို့ အားခဲထားကြောင်းလည်း ဖွင့်ဟ အသိပေးခဲ့ပါတယ်။