တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ချယ်ဆီးအသင်းက အိမ်ကွင်းမှာတင် ဝုဗ်ကို ၂-၄ ရလဒ်ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၀ အောက်ကို ကျဆင်းသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီးဘက်က ပါလ်မာ ဦးဆောင်ဂိုး စသွင်းတာဖြစ်ပေမယ့် ဝုဗ်တို့ ခြေပဂိုး ခပ်မြန်မြန် ပြန်ယူခဲ့သလို ဒီဇာဆီရဲ့ အမှားကနေပဲ ဦးဆောင်ဂိုးပါ ရသွားခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဝုဗ်အသင်းကပဲ နောက်ထပ် ဦးဆောင်ဂိုးတွေ ရခဲ့ကာ ဆေးဗားက ခြေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ချယ်ဆီးအတွက်တော့ အရှက်ရစရာ ပွဲစဉ်ဖြစ်ပြီး အမှားတွေချည်း ပြည့်နေခဲ့သလို တော်တော်ညံ့တဲ့ ခြေစွမ်း၊ စိတ်ဓါတ်မျိုးတွေနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်သွားခဲ့တာပါ။ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ကို်င်ဆီဒိုရဲ့ ခပ်ပေါ့ပေါ့ ကစားဟန်ကနေ ဝုဗ်က ခြေပဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ခံစစ်ကာကွယ်ပုံက အတော်လေးကို လျော့ရဲခဲ့ပြီး နေရာတိုင်းမှာ နိုင်ပွဲရလိုစိတ် ကင်းမဲ့ခဲ့ပါတယ်။ ချယ်ဆီးရဲ့ ကျဆင်းခြင်းအတွက် တစ်ဦးဦးက ရှေ့ထွက်လာပြီး သူတို့ အမှားတွေကို နားလည်ပါကြောင်း ဖော်ထုတ်လာသင့်ပါတယ်။

စတမ်းဖိုဒ့်ဘရစ် တစ်ကွင်းလုံး Boo လုပ်သံတွေ ဆူညံနေခဲ့သလို အေဘရာမိုဗစ်ရဲ့ နာမည်ကို အော်ဟစ်သံတွေ ပြည့်နေခဲ့တဲ့ ဒီပွဲအပြီး ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် သိပ်ပြီး အံ့ဩစရာ မရှိလှပါဘူး။