မန်ချက်စတာ ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ နွေမှာတော့ ပဲလေစ့် အသင်းသား မိုက်ကယ် အိုလီကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားမှာ ဖြစ်ပါတယ်။
အင်္ဂလန်ထိပ်သီးကလပ်တွေဟာ အိုလီကို သဘောကျနေကြတာ ကာလတစ်ခု ကြာနေခဲ့ကြပြီဖြစ်ကာ မန်စီးတီးကတော့ သူတို့ရဲ့ နွေစျေးကွက် အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်ထားခဲ့ပြီလို့ ဒေးလီးမေလ်းက ဆိုပါတယ်။
INEOS အဖွဲ့နဲ့အတူ လူစာရင်း ပြန်တည်ဆောက်မယ့် ယူနိုက်တက်ကလည်း အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားကို ဆက်တိုက် ကင်းထောက်နေခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ် နှစ်သင်းရဲ့ စျေးကွက်ပစ်မှတ်ဖြစ်လာတဲ့ အိုလီကို ပဲလေစ့်ဘက်က ပေါင် သန်း ၆၀ ဝန်းကျင်ရမှ ရောင်းထုတ်မှာ ဖြစ်ပါတယ်။
ကွင်းလယ်မှာ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ပြီး ညာတောင်ပံကိုလည်း ထွက်ပေးနိုင်တဲ့ အိုလီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေစျေးကွက်မှာ ချယ်ဆီအသင်း ချဉ်းကပ်ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
အဲ့တုန်းကတော့ အိုလီဟာ ပဲလေစ့်မှာ ဆက်နေဖို့ကိုပဲ ရွေးချယ်ခဲ့ပေမယ့် ရာသီကုန်မှာတော့ အနာဂတ်ကို ပြန်ပြီး စဉ်းစားတော့မှာပါ။ ဒီရာသီ ကိုယ်တိုင် ၆ ဂိုး သွင်းပြီး ဖန်တီးမှု ၃ ကြိမ် လုပ်ထားနိုင်တဲ့ သူဟာ ပဲလေစ့်နဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ် ရှိနေတာ ဖြစ်ပါတယ်။