ဒီရာသီမှာ တောက်လျှောက် ပရီးမီးယားလိဂ် ချန်ပီယံနေရာကို အာဆင်နယ်တို့ ရရှိမယ်လို့ ခန့်မှန်းခဲ့တဲ့ ဂယ်ရီနဗီးဟာ သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကတော့ အာဆင်နယ်မှာ ဖလား အောင်မြင်ရေး ပွဲအပြတ်ဖြတ်နိုင်စွမ်းမှာ လုံလောက်တဲ့ ယုံကြည်မှုပိုင်း မမြင်ရဘူးလို့ ဆိုပါတယ်။

နဗီးကပဲ ‘ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်လို့ မထင်ပါဘူး။ အာဆင်နယ်က လီဗာပူးထက် ပိုကောင်းခဲ့ပေမယ့် လီဗာပူးက ပိုပြီး အညှာအတာ ကင်းပါတယ်။ ဒါက ဒီရာသီ တကွေ့ကွေ့မှာ အာဆင်နယ်ကို ထိခိုက်လာစေမှာပါ ‘ လို့ သူ့ရဲ့ ခန့်မှန်းကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲ ရလဒ်ဟာ အာဆင်နယ်ကို အသာရစေတာထက် မန်စီးတီးအတွက်ပဲ ပိုမို အကျိုးဖြစ်စေခဲ့တာလို့ လီဗာပူး ခံစစ်မှူးဟောင်း ကာရေဂါက မြင်ပါတယ်။

ကာရေဂါက ‘ လီဗာပူးကို အာဆင်နယ် အနိုင်ယူလိုက်တာအတွက် ပိုပြီး အကျိုးဖြစ်မှာက မန်စီးတီးပါ။ မန်စီးတီးအတွက် အဓိက ဖလားပြိုင်ဘက်က လီဗာပူးပါ။ ဒီတော့ ဒီရလဒ်ကို ပျော်နေမှာက မန်စီးတီးပဲ ဖြစ်ပါတယ် ‘ လို့ ပြောပါတယ်။

သရဲနီဟောင်း ရွိုင်ကိန်းကတော့ ၂ သင်းလုံးဟာ ရာသီကုန်မှာ မန်စီးတီးကို ကျော်ပြီး ထိပ်ဆုံးက ဗိုလ်စွဲကြမှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့တယ်။

ရွိုင်ကိန်းက ‘ ဒီပွဲကို ကြည့်ပြီးတော့ အာဆင်နယ်က လီဗာပူးကို ရှင်းထုတ်နိုင်ခဲ့တာ မြင်မိပေမယ့် နှစ်သင်းလုံးက မန်စီးတီးရဲ့ အထက်မှာ ရပ်တည်နိုင်မယ် ကျနော်တော့ မမြင်ပါဘူး ‘ လို့ ထင်မြင်ချက် ပေးခဲ့ပါတယ်။