ပရီးမီးယားလိဂ် ဘောလုံး ဝေဖန်သူ တစ်ဦးဖြစ်တဲ့ Ally McCoist က ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းဟာ ဂျင်း ကစားသမားတစ်ဦး မဟုတ်ပါဘူးလို့ talksport ကနေ ထုတ်ပြောလာပါတယ်။
ဝုဗ်ကို ၄-၃ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟွိုင်လန်းဟာ ကိုယ်တိုင် ၁ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့တာပါ။ ဒီနွေမှာ ယူနိုက်တက်ကို ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့တဲ့ သူဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၉ ဂိုးထိ သွင်းယူထားပါပြီ။
Ally McCoist က “ ဟွိုင်လန်းက ဂိုးတွေ ပုံမှန်ယူနိုင်တာ ကျနော် သိပါတယ်။ ဒါပေမယ့် သူ့မှာ ဆန္ဒ ထက်သန်မှုတွေရှိတယ်။ သူအခွင့်အရေးတွေ လွဲချော်တာကို ကျနော် မြင်ပေမယ့် လက်ရှိ နေရာကနေ ဆက်ကြိုးစားနေရင် သူ ဂိုးတွေရလာမှာပါ။
အိုနာနာကလည်း လူတိုင်း မျှော်လင့်ထားသလို မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ကို ဒီရာသီရဲ့ အဆိုးရွားဆုံး လက်မှတ်ထိုးမှုလို့ ပြောဖို့က ပြင်းထန်လွန်းပါတယ်။
ကျနော်ကတော့ ပေါင် သန်း ၁၀၀ ကျော်ပေးပြီး ခေါ်ယူထားတဲ့ ကိုင်ဆီဒိုကိုပဲ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး လက်မှတ်ထိုးမှုလို့ ရိုးရိုးသားသား မြင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုင်ဆီဒိုကို ဒီနွေမှာ လီဗာပူးနဲ့ ချယ်ဆီးတို့ အပြိုင်လုခဲ့ကြတာဖြစ်ကာ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် စတမ်းဖိုဒ့်ဘရစ်ချ်ထံ ရောက်ရှိသွားတာ ဖြစ်ပါတယ်။