ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုကတော့ သူတို့အသင်းရဲ့ နည်းပြရာထူးအတွက် လီဗာပူးကနေ ထွက်ခွာမယ့် ကလော့ပ်ကို တာဝန်ပေးမလား ကိစ္စကို တုန့်ပြန်ပုံက အေးစက်ခဲ့ပါတယ်။

နည်းပြကလော့ပ်ဟာ ဒီရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ့်အကြောင်း ကြေညာထားတာပါ။ ဒါပေမယ့် သူက နည်းပြလောကထဲ ပြန်ဝင်လာဦးမှာ မဟုတ်ဘဲ ၁ နှစ် အနားယူဦးမှာ ဖြစ်ပါတယ်။

ဘာစီလိုနာကလည်း ဒီနွေမှာ ဇာဗီနဲ့ လမ်းခွဲမှာဖြစ်ကာ နည်းပြသစ် တစ်ဦးဖြင့် အစားထိုးရဖို့ ရှိနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲကြောင့် ဘာစီလိုနာ နည်းပြသစ်ဟာ အထောက်အပံ့ကြီးတွေ ရဖို့ရာ ခက်ခဲပါလိမ့်မယ်။

စပိန်မီဒီယာတွေမှာ ဘာစီလိုနာနဲ့ ကလော့ပ်ကြား သတင်းဖော်ပြချက်တွေ ထွက်ပေးနေခဲ့ပေမယ့် ဒေကိုကတော့ ငြင်းဆန်ပါတယ်။

” ကလော့ပ်က နည်းပြကောင်းတစ်ယောက်ပါ။ ဒါပေမယ့် အခုချိန်က နည်းပြသစ်အကြောင်း စကားပြောဖို့ အချိန်မကျသေးပါဘူး ” လို့ ဒေကိုက ဆိုပါတယ်။

” နည်းပြသစ်က အပြောင်းအလဲတွေ လုပ်လိုမှာပါ။ ပထမဆုံးအနေနဲ့ ကျနော်တို့ရဲ့ ပရော်ဂျက်တွေကို နည်းပြသစ်ကို ရှင်းပြဖို့ လိုပါလိမ့်မယ်။ ကျနော်တို့မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ် ” လို့ ဆက်ပြောခဲ့ပါတယ်။